‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၄ ရက်

ရခိုင်ပြည်နယ်အတွင်း နေရာ သုံး ခုထက်မနည်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းများမှာ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ကြောင်းလိုက် တပ်ပျက်ကာ အင်အားပြုန်းတီးနေကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ်သည် စစ်တွေမြို့မှနေ၍ ပုဏ္ဏားကျွန်းဘက်သို့ ဦးတည်သည့် စစ်ကြောင်းများကို ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစတင်စေလွှတ်ခဲ့သလို ရသေ့တောင်နှင့် ကျောက်ဖြူဘက်သို့လည်း စစ်ကြောင်းများ ပြန်လည် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

ကျောက်ဖြူ တောင်မော်ဦးရေတပ်မှနေ၍ စနဲဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းများမှာ အာရက္ခတပ်တော် (AA) ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ရှေ့မဆက်နိုင်ဖြစ်ခဲ့ပြီးနောက် စက်တင်ဘာ ၉ ရက်တွင် အင်အား ၇၀ ပါ စစ်ကြောင်းတစ်ခု စနဲမြို့အနီးသို့ ထပ်မံချဉ်းကပ်လာခဲ့ကြောင်း သိရသည်။

“တောင်မော်ဦးဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို အသင့်စောင့်ပြီး တိုက်ခိုက်လိုက်တာလို့ သိရတယ်။ စစ်ကောင်စီဘက်က ၂၀ လောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရသွားပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်မော်ဦးရေတပ်မှ ထွက်လာသည့် အဆိုပါ စစ်တပ် စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပါ တပ်ဖွဲ့ဝင် ၂၀ ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်ကြောင်းလိုက် တပ်ပျက်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် စနဲမြို့ တံတားအနီးအထိ ချဉ်းကပ်လာသော်လည်း အထိနာသွားသဖြင့် တောင်မော်ဦးဘက်သို့ ကစဉ့်ကလျား ပြန်လည်ဆုတ်ပြေးခဲ့ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းသို့ ဦးတည်သည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ကြောင်းများမှာလည်း AA ၏ တန်ပြန် ထိုးစစ်ကြောင့် စစ်ကြောင်းမှူးများပါ သေဆုံးသည်အထိ အထိနာခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်က ဦးရာဇ်တောင်စေတီဘက်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။