ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ထွက်ခွာလာသည့် ရွေးတုအစိုးရစစ်တပ်၏ ရေယာဉ် အစီး ၂၀ ကျော်ပါ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့် ရွေးတုအစိုးရစစ်တပ်ဘက်မှ ထိခိုက်ပျက်စီးမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ စက်တင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ရေနီနှင့် ကံသာကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ သင်္ဘောတစ်စီး တိုက်ခိုက်ခံရသည့်အပြင် စားဝတီးနှင့် ဆူးပုတ်ကုန်းအနီး၌လည်း သင်္ဘောနှစ်စီးကို ထပ်မံဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“မနေ့က သင်္ဘော လေးစီးလောက် တိုက်ခိုက်ခံရပြီး တစ်စီး ပျက်စီးခဲ့တယ်။ ဒီနေ့လည်း ထပ်မံ တိုက်ခိုက်ခံရတာဖြစ်ပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ယမန်နေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းကလည်း ဗန်းမော်မြို့နယ်၊ စားဝတီးကျေးရွာအနီး၌ ရွေးတုအစိုးရစစ်တပ်၏ ရေယာဉ်အုပ်စု တိုက်ခိုက်ခံခဲ့ရပြီး စစ်သင်္ဘောတစ်စီး မီးလောင်ပျက်စီးသွားခဲ့ ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စစ်သင်္ဘောမှာ ဆက်လက်ထွက်ခွာနိုင်ခြင်း မရှိတော့ဘဲ သင်္ဘောပေါ်ပါလာသည့် တပ်ဖွဲ့ဝင်များအား အခြားသင်္ဘောပေါ်သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ထို့အပြင် ရွေးတုအစိုးရစစ်တပ်သည် ယခု စစ်သင်္ဘောအုပ်စုအတွင်း ပြည်သူပိုင် ရေယာဉ်များနှင့် ကုန်တွဲသင်္ဘောများကိုပါ အဓမ္မ အချောဆွဲ၍ ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်တပ်၏ ရေယာဉ်အုပ်စုအနက် ရေယာဉ် ခြောက် စီးသာ ဗန်းမော်မြို့သို့ ဆိုက်ရောက်နိုင်ခဲ့သည်။

ထို့နောက် ရွေးတုအစိုးရစစ်တပ်က စစ်သင်္ဘော အစီး ၃၀ ကျော် ထပ်မံပို့လွှတ်ခဲ့သဖြင့် ရေကြောင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ရာ အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ KIA ၏ အစုန်၊ အဆန် ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော၊ တွဲသင်္ဘောနှင့် တွန်းသင်္ဘော ၁၀ စီးထက်မနည်း တိုက်ခိုက်နစ် မြှုပ်ခံထားရသည်။

ပုံစာ-KIA က တိုက်ခိုက်ခဲ့သည့် စစ်ရေယာဉ် တစ်စီးကို တွေ့ရစဉ်၊