ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

ရွေးတုအစိုးရစစ်တပ်ဘက်မှ ကချင်လွတ်လပ်ရေးအဖွဲ့/တပ်မတော် (KIO/KIA) အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းအချို့ထံ ငြိမ်းချမ်းရေး ဆွေးနွေးရန် စာပို့ဖိတ်ခေါ်ခဲ့သော်လည်း KIA ဘက်က ငြင်းဆန် ခဲ့ကြောင်း သိရသည်။

 

ရွေးတုအစိုးရစစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် တော်လှန်ရေး အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေး ဆွေးနွေးရန် စာလွှာများ အသီးသီး ပေးပို့ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဖိတ်ခေါ်စာနှင့် ပတ်သက်၍ KIA ပြန်ကြားရေး တာဝန်ခံက ပထမပိုင်းတွင် သတင်းမရရှိ သေးကြောင်း ဖြေကြားခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်ကို လုံးဝ သွားရောက်ခြင်းမရှိဘဲ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ရွေးတုအစိုးရစစ်တပ်ဘက်မှ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ပေးပို့သည့် စက်တင်ဘာ ၄ ရက်နေ့သည် ရခိုင် ပြည်နယ်အတွင်းသို့ ကြည်း၊ ရေ၊ လေ အင်အားသုံး၍ စစ်ဆင်ရေး ဆက်လက် ပြုလုပ်နေချိန်ဖြစ်ပြီး မြေပြင်တွင်လည်း စစ်တပ်နှင့် အဆိုပါ တော်လှန်ရေး အဖွဲ့အစည်းများကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

 

လတ်တလော မြေပြင် အခြေအနေများတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ရေယာဉ်အုပ်သည် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရသလို၊ ဗန်းမော်ဘက်မှ ပြန်လည် စုန်ဆင်းလာသည့် စစ်ရေယာဉ်အုပ်ကိုလည်း KIA နှင့် ပူးပေါင်းတပ်များက ထိရောက်စွာ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်။

 

ထို့ပြင် စစ်ကိုင်းနှင့် ကချင်အစပ် စင်းခန်းတံတား အနီးသို့ ချဉ်းကပ်လာသည့် ရွေးတုအစိုးရစစ်တပ် မြေပြင် စစ်ကြောင်းများသည်လည်း အလောင်းနှင့် လက်နက်ပင် ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရသည်။

 

တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရဘက်မှ KIA ထံ လက်နက်ခဲယမ်းများ အခြားအဖွဲ့အစည်းများထံ မရောင်းချရန် တားမြစ်လာသည့်အပြင် လက်နက်ခဲယမ်း ကုန်ကြမ်းများကိုပါ စတင် ပိတ်ဆို့မှုများ ပြုလုပ်လာသည့် ဖြစ်စဉ်များ ရှိနေချိန်တွင် ရွေးတုအစိုးရစစ်တပ်က ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖိတ်ခေါ်ချက် ပေးပို့ကမ်းလှမ်းလာခြင်း ဖြစ်သည်။