ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

အင်ဒိုနီးရှားနိုင်ငံမှာ လူ ၂၄၀ ဦး တင်ဆောင်လာတဲ့ ခရီးသည်တင် သင်္ဘောတစ်စီးဟာ ဂျာဗားပင် လယ်ပြင်မှာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့လို့ အာဏာပိုင်တွေက အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း စတင်နေပြီဖြစ်ပါတယ်။

 

ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဖြစ်ပွားခဲ့ပြီး သင်္ဘောဟာ ဂျာဗားကျွန်းအရှေ့ ပိုင်းမှ ဘော်နီယိုကျွန်း၊ တောင်ကာလီမန်တန်ပြည်နယ်ကို ထွက်ခွာလာစဉ် လမ်းခရီးမှာ ပျောက်ဆုံးခဲ့တာပါ။

 

“Virgo Transport 8” လို့ခေါ်တဲ့ အဆိုပါသင်္ဘောဟာ အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာ ဘာယာမှ ဘန်ဂျာမာဆင်းမြို့သို့ မောင်းနှင်စဉ် အဆက်အသွယ် ပြတ်တောက်ခဲ့တာလို့ တောင်ကာလီမန်တန် ရှာဖွေကယ် ဆယ်ရေးရုံးက ဆိုပါတယ်။

အစောပိုင်း အချက်အလက်တွေအရ သင်္ဘောနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့နေရာဟာ ဘန် ဂျာမာဆင်းမြို့ သင်္ဘောဆိပ်နဲ့ ၁၄၈ ကီလိုမီတာခန့်အကွာ ဂျာဗားပင်လယ်ပြင်ဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ ဒီဖြစ်စဉ်ကြောင့် ခရီးသည်တွေ ထိခိုက်သေဆုံးမှု ရှိမရှိဆိုတာကို တိတိကျကျ မသိရသေးပါဘူး။သင်္ဘောနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာ မှန်ကန်ကြောင်းနဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် တွေကို ပျောက်ဆုံးဒေသသို့ ချက်ချင်း စေလွှတ်ထားပြီလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ကျွန်တော်တို့ Trisakti ဆိပ်ကမ်းမှာ အရေးပေါ် စစ်ဆင်ရေးစခန်းတစ်ခု ဖွင့်လှစ်ပြီး ဆောင်ရွက် နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။

 

သင်္ဘောမောင်းနှင်သူတွေက ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးရွားမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သတင်း ရရှိပြီးနောက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ချက်ချင်း အကြောင်းကြားခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ကျွန်းပေါင်း ၁၇,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တာကြောင့် ရေကြောင်း သွားလာရေးမှာ ကူးတို့သင်္ဘောတွေကို အဓိက အားထားရတာပါ။ ရေကြောင်း လုံခြုံရေးစည်းမျဉ်းတွေကို စနစ်တကျ လိုက်နာမှု အားနည်းတာကြောင့် သင်္ဘော မတော်တဆမှုတွေ ခကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။

 

အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပင်လယ်ပြင် ရာသီဥတု ဆိုးရွားနေတဲ့ကြား ပျောက်ဆုံး နေတဲ့ ခရီးသည်တင် သင်္ဘောကို ရှာဖွေနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခြေအနေ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ဖို့ ရှိနေပါတယ်။

 

ကိုးကား – Independent
Ref; Indonesia launches search after ship carrying 240 people goes missing