ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ မြတ်စိုးနှင့် ဇနီးဖြစ်သူတို့သည် လက်နက် ၁၀ လက်ထက်မနည်း ယူဆောင်ကာ ရွေးတုအစိုးရစစ်တပ်ထံ ဘက်ပြောင်း ပူးပေါင်းသွားကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။

ဂုံညင်းဆိပ် တိုက်နယ် ပကဖ တာဝန်ခံ မြတ်စိုးသည် ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် ရွေးတုအစိုးရစစ်တပ်ထံ သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူသည် လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက အရင် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပကဖ တာဝန်ခံ မြတ်စိုးတို့ ဇနီးမောင်နှံသည် တော်လှန်ရေး အမည်ခံ၍ ကြက်ဝိုင်း၊ ဂျင်ဝိုင်းများ ဒိုင်လုပ်၍ ဖွင့်လှစ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ဓားပြတိုက်ခြင်း အပါအဝင် ပြည်သူများနှင့် ခရီးသွားများအပေါ် ဗိုလ်ကျရမ်းကားမှုများကြောင့် တော်လှန်ရေး အဖွဲ့အစည်းများ၏ အရေးယူဆောင်ရွက်မှုနှင့် ရင်ဆိုင် နေရသူများ ဖြစ်သည်။

“အရေးယူမှုတွေ ရှိလာတော့ သူ့အတွက် မချောင်တော့ဘူး။ အနေမချောင် အစားမချောင်တော့ ဘက်ကူးသွားတာပေါ့ဗျာ” ဟု မြင်းမူမြို့ပြတော်လှန်ရေးတပ်ဖွဲ့ MCRF မှ ရဲဘော်ကိုလုလင်က ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောသည်။

ထို့ပြင် ဘက်ပြောင်းသွားသူ မြတ်စိုးသည် တော်လှန်ရေး ရဲဘော်အချို့၏ လက်နက်များအပြင် လက်နက်ဝယ်ယူရန် စုဆောင်းထားသည့် ငွေကြေးများကိုပါ ယူဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်နက် ၁၀ လက်ထက်မနည်း ပါဝင်သွားကြောင်း သိရသည်။

“မိန်းမဖြစ်သူက အရင် ပူးပေါင်းသွားတာ။ ၃ ရက်နေတော့ သူကပါ လိုက်သွားတဲ့ သဘောပါ။ လိုင်းပေါ်မှာ ကတော့ ၁၁ လက်လို့ ပြန့်နေပေမယ့် အတိအကျတော့ မသိရဘူး။ ၁၀ လက်ကျော်တယ်လို့တော့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ပါသွားသည့် လက်နက်များနှင့် ပတ်သက်၍ မြို့နယ် တာဝန်ရှိသူများဘက်မှ စိစစ်ဆောင် ရွက်မှုများ ပြုလုပ်နေရပြီး ယခုအခါ အဆိုပါ ကျေးရွာများအပေါ် ရွေးတုအစိုးရစစ်တပ်ဘက်မှ ဒရုန်းများ ကင်းထောက်ပျံသန်းမှု ရှိနေသဖြင့် ဒေသခံများအနေဖြင့် လုံခြုံရေး သတိပြုရန် လိုအပ်လျက်ရှိသည်။

“လက်နက်တွေ ပါသွားတာ နှမြောပေမယ့် တော်လှန်ရေးမှာ လူသန့်သွားတာပေါ့။ ဒီလိုလူတွေကြောင့် တော်လှန်ရေး သမိုင်းမှာ နာမည်ပျက်တွေ ရှိနေတာ” ဟု အဆိုပါ သတင်းရင်းမြစ်က သုံးသပ်ပြောသည်။

မြင်းမူမြို့နယ်အတွင်း ယခုစက်တင်ဘာလအတွင်း၌ပင် ပြည်သူ့ကာကွယ်ရေး ရဲဘော် ဆယ်ဦးနီးပါးအထိ ရွေးတုအစိုးရစစ်တပ်ထံ ဘက်ပြောင်းသွားသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်းလည်း ဒေသခံ သတင်းရင်း မြစ်များ၏ ပြောကြားချက်အရ သိရသည်။

ပုံစာ-ဂုံညင်းဆိပ်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ မြတ်စိုးနှင့် ဇနီး။