ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်အနီးရှိ ကျေးရွာများအတွင်း ရွေးတု အစိုးရစစ်တပ်၏ မြေပြင်စစ်ကြောင်း ထိုးစစ်ဆင်မှုများကြောင့် နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူးများ အပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဆင်ရေး ပြုလုပ်နေသည့် စစ်တပ်သည် အဓိက စစ်ကြောင်းကြီး ၅ ကြောင်းခွဲ၍ ထိုးစစ်ဆင်နေပြီး စစ်ကြောင်းတစ်ခုလျှင် အင်အား ၂၀၀ နီးပါးဖြင့် စုစုပေါင်း စစ်အင်အား ၁,၀၀၀ ခန့် အသုံးပြုထားခြင်းဖြစ်သည်။

 

“ဝါဘိုဘက်က စစ်ကြောင်းမှူးနဲ့ ကွမ်းတောင်ဘက် တက်တဲ့ စစ်ကြောင်းမှူးတွေ သေတယ်လို့ သိရတယ်။ မူလက ရွှေမင်းဂံဘက်ကပါ အင်အားအလုံးအရင်း တက်လာတာဖြစ်ပြီး အခု စစ်ကြောင်း ၅ ခုနဲ့ ထိုးနေတာပါ” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာဘက်မှ အင်အား ၂၀၀ နီးပါးပါရှိသော စစ်ကြောင်းဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင် ကျေးရွာဘက်သို့ ဦးတည်ကာ ထိုးစစ်ဆင်လာခဲ့ရာ အမြင့်ကျွန်း (မင်းချောင်း) တံတားအနီးတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

ထို့အပြင် ကျားမသောက်ကျေးရွာတွင် တပ်စွဲထားသော တပ်ရင်းများနှင့် တောကံ၊ ရာတန်ကျေးရွာများမှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းများက ဝါဘိုနှင့် စပါးထားဘက်သို့ ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက် တပ်များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်ခဲ့သည်။

 

ရွေးတုအစိုးရစစ်တပ်သည် စက်တင်ဘာ ၄ ရက်မှ ၇ ရက်နေ့အထိ ဝါဘိုကျေးရွာဘက်တွင် စစ်ကြောင်း ငယ် ၃ ကြောင်း၊ ကွမ်းတောင်ကျေးရွာဘက်တွင် စစ်ကြောင်းငယ် ၄ ကြောင်း ခွဲ၍ ထိုးစစ်ဆင်ခဲ့သလို ရွှေမင်းဂံ ရေတပ်စခန်းမှလည်း အင်အား ၁၅၀ ခန့်ဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်၊ ခမောင်းတောနှင့် ရွာဟောင်းချောင်းဘက်သို့ပါ ထိုးစစ်ဆင်ခဲ့သည်။

 

အဆိုပါ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ ဝါဘိုကျေးရွာ တိုက်ပွဲနှင့် မင်းချောင်းတံတားမှ ကွမ်းတောင်ကျေးရွာဘက်သို့ ထိုးစစ်ဆင်သည့် စစ်တပ် စစ်ကြောင်းများမှ စစ်ကြောင်းမှူး တစ်ဦးစီ သေဆုံးခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို စစ်တွေမြို့ အာကျိတ်တော်ကုန်း သုသာန်သို့ သယ်ယူကာ နေ့ညမပြတ် သင်္ဂြိုဟ်နေရကြောင်း သိရသည်။

 

စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း အာရက္ခတပ်တော် (AA) ဘက်မှ ခုခံစစ်မှ တန်ပြန်ထိုးစစ်အဖြစ် ပြန်လည်တိုက်ခိုက်ခဲ့ရာ ရွေးတုအစိုးရတပ်၏ စစ်ကြောင်းများ အထိနာ၍ နောက်ဆုတ်သွားခဲ့ရပြီး စက်တင်ဘာ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့သည်။

 

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် တပ်မ (၁၀၁) ကို အဓိကအသုံးပြု၍ ပုဏ္ဏားကျွန်း ထိုးစစ်ကို ပုံဖော်လျက်ရှိပြီး မင်းချောင်းနှင့် ကွမ်းတောင် တံတားကြားတွင် စစ်အင်အား ၅၀၀ ခန့် တပ်ဖြန့် ထားသည်။

 

တပ်မမှူးဖြစ်သူသည် ပါဒလိတ်ကျေးရွာအတွင်း ကွပ်ကဲရေးစခန်းဖွင့်၍ တပ်ဖွဲ့များကို ကွပ်ကဲနေကာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက စစ်ရေးရည်မှန်းချက်ဖြစ်သည့် ရသေ့တောင်လမ်းဆုံကို စက်တင် ဘာလအတွင်း ထိန်းချုပ်နိုင်ရေး အင်အားဖြည့်တင်းနေသည်။

 

ရွေးတုအစိုးရစစ်တပ်သည် မင်းချောင်းတံတားကို ကျော်လွန်ဖြတ်သန်းပြီးနောက် ပုဏ္ဏားကျွန်းမြို့ရှိ အထက် တန်းကျောင်းတစ်ကျောင်းကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သလို ကျောက်ဆိပ် ကျေးရွာဘက်သို့လည်း အမြောက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြေပြင်စစ်ကြောင်းများသည် ပုဏ္ဏား ကျွန်းမြို့ မြောက်ဘက်အနီးအပါးအထိ စစ်ကြောင်းထိုး ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

မြေပုံ – NZY