ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့မှ အတည်ပြုချမှတ်ထားသော ဘုံသဘောတူညီချက် ငါးရပ်ကို ပယ်ချ၍ ကမ္ဘောဒီးယားအပါအဝင် ဒေသတွင်းရှိ ထောက်ခံနိုင်ငံအချို့မှတစ်ဆင့် ပိတ်ဆို့ ဒဏ်ခတ်၊ ဖယ်ကျဉ်ထားမှုများ လွတ်မြောက်ကာ ပြန်လည်ဝင်ဆံ့နိုင်ရေး အာဏာသိမ်း ရွေးတုအစိုးရက ကြိုးပမ်းနေကြောင်း သိရသည်။

ထိုအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးတုသမ္မတအဖြစ် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အနက် ကမ္ဘောဒီးယားသို့သွားရောက်ပြီး ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ကိစ္စ ဖိတ်ကြားဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းမှုကို ထောက်ခံကူညီနေသော ကမ္ဘောဒီးယားနိုင်ငံသည် မဲခေါင်-လန်ချန်း၊ လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု (CLMV) နှင့် ACMECS ကဲ့သို့သော အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ထိုအထဲ မြန်မာလည်း ပါဝင်နေသလို မဲခေါင်ဒေသတွင်း နိုင်ငံများ၏ စီးပွားရေး ကွာဟချက်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယခုနှစ်အတွက် ACMECS အစည်းအဝေးများကို ရွေးတုအစိုးရမှ မြန်မာကိုယ်စားပြု အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရပြီး တရားဝင်မှု ပြသလိုခြင်းနှင့် ထိုမှတစ်ဆင့် ၎င်းတို့အား ဖယ်ကျဉ်ထားသည့် အာဆီယံအဖွဲ့အတွင်း ပြန်ဝင်ဆံ့နိုင်ရန် ကြိုးပမ်းခြင်းဖြစ်၍ လှည့်လည်သွားရောက် နေကြောင်း အကဲခတ်များက ဆိုသည်။

အာဆီယံအဖွဲ့ဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားသော ACMECS အပြင် ထိုင်းမှလွဲ၍ ကျန်လေးနိုင်ငံဖြင့် ဖွဲ့စည်းထားသည့် CLMV နှင့် မဲခေါင်-လန်ချန်း ဒေသတွင်း ပူးပေါင်းမှုတို့မှာ ရွေးတုအစိုးရအတွက် စီးပွားရေး အခြေပြု နိုင်ငံတကာ အသိအမှတ်ပြုမှု ရှာနေခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

ရွေးတုသမ္မတသည် စက်တင်ဘာ ၁၁ ရက်တွင် ဟွန်ဆန်နှင့် တွေ့ဆုံရာ၌ ACMECS အပြင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဖော်ဆောင်သွားမည့် ရှေ့တိုးမရဖြစ်နေသော ထားဝယ်ရေနက် ဆိပ်ကမ်းအပါအဝင် အထူးစီးပွားရေးဇုန်၌ လာရောက်ရင်းနှီးမြှုပ်နှံမည် ဆိုပါလျှင် ကြီးမားသည့် အောင်မြင်မှုများ ရရှိလာနိုင်မည်ဖြစ်ဟု ရွေးတုသမ္မတက ဖိတ်ခေါ်ပြောဆိုခဲ့ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။

အာဆီယံကမူ စစ်အာဏာသိမ်းမှုကြောင့် လက်ရှိရွေးတုသမ္မတ နောက်ဆုံးတက်ရောက်ခွင့်ရ ထိပ်သီး အစည်းအဝေး၌ မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ဘုံသဘောတူညီချက် ငါး ရပ် ချမှတ်ထားမှုအပေါ် လိုက်နာမှုမရှိသဖြင့် ပိတ်ဆို့ဖယ်ကျဉ်ထားမှုအား ဆက်လက်ကိုင်စွဲကာ အကြမ်းဖက်မှုများ ရပ်တန့်ရေး တိုက်တွန်းလျက်သည်။

ယင်းအပေါ် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် စစ်အုပ်စု အသွင်းပြောင်း ရွေးတုအစိုးရ ဖြစ်လာချိန် လက်အောက်ခံ ရွေးတုလွှတ်တော်တွင် တင်သွင်းကန့်ကွက် ပယ်ချ၍ ၎င်းတို့ဦးဆောင်သော မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့်သာ ဆက်လက်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံအား ပြစ်တင်စွပ်စွဲ ထုတ်ပြန်ထား‌သည်။

သို့သော် အာဆီယံအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခြင်းမရှိဘဲ တတ်နိုင်သည့် ပူးပေါင်းမှုများ ဆောင်ရွက် သွားမည်ဟု ဆိုထားကာ လက်တွေ့တွင် စစ်ရေးအရှိန်ဟုန်မြှင့် နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်၊ စစ်ကြောင်း ထိုး မီးရှို့သတ်ဖြတ်နေပြီး ငြိမ်းချမ်းရေး ဆွေးနွေးသွားရန် ကန့်သတ်ချက်ဖြင့် ဖိတ်ခေါ်နေသည်။

ဓာတ်ပုံ – MOI