ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များသည် အလုပ်အကိုင်ရှားပါးပြီး မိသားစု စားဝတ်နေရေးအတွက် ဘိန်းစိုက်ခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်နေရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

 

မီဇိုရမ်တွင် မိုးတွင်းကာလ အလုပ်အကိုင်နည်းပါးခြင်းနှင့် မြန်မာစစ်ဘေးရှောင်များ ဝင်ရောက်လာမှုများပြားလာသည့်အတွက် အလုပ်အကိုင်ရရန် ခဲခက်လာသည့်အတွက် ဘိန်းစိုက်ခင်းများတွင် သွားရောက်လုပ်ကိုင်နေရခြင်းဖြစ်သည်။

 

“မိုးတွင်းမှာ အလုပ်ပါးတယ်။ ရှိတဲ့အလုပ်တွေကလည်း လုနေရတယ်။ အခုက အရင်ကလိုမျိုး စစ်ဘေးရှောင်တွေ များလာတဲ့အတွက် အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်။ ဒါကြောင့် နယ်စပ်မှာရှိတဲ့ ဘိန်းခင်တွေမှာ အလုပ်လုပ်နေကြတယ်”ဟု ဇိုခေါထာရ်ရှိ မြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဘိန်းစိုက်ခင်းတွင် သွားရောက်လုပ်ကိုင်သူများတွင် နေ့စားအဖြစ် လုပ်ကိုင်သူများရှိသလို တချို့သည် နှစ်အလိုက် လုပ်ကိုင်သူများလည်းရှိကြောင်း သိရသည်။

 

“လုပ်ချင်လို့ လုပ်ကြတာတော့ မဟုတ်ဘူးလေ။ စားဝတ်နေရေးအတွက် လုပ်ကြရတာပါဘဲ။ အခင်းမှာနေပြီး မိသားစုလိုက်၊ လင်မယားနှစ်ယောက် လုပ်ကြတာတွေရှိတယ်။ တချို့က နေ့စားလုပ်ကြတယ်။ တချို့နှစ်အလိုက် လုပ်ကြတယ်။ စျေးကတော့မတူဘူး”ဟု ကျီးခါးမြို့နယ်ရှိ ဘိန်းစိုက်ခင်းတွင် လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဘိန်းခင်းတွင် အမျိုးသမီး၊ အမျိုးသား တစ်ဦးလျှင် နေ့စား လုပ်အား သုံးသောင်းဝန်းကျင်ထိ ရရှိပြီး နှစ်အလိုက် လုပ်ကိုင်သူကြများအနေဖြင့် လူတစ်ဦးကို တစ်နှစ်လျှင် မြန်မာငွေ သိန်း ၅၀ ဝန်းကျင်အထိ ရရှိကြောင်း သိရသည်။