ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

 

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းက ရေမြောင်းအတွင်း ဘောလုံးဆင်းကောက်ရာမှ ရေစီးနှင့်မျောပါ ပျောက်ဆုံးနေသည့် ကလေးငယ်၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

 

စက်တင်ဘာလ ၁၂ ရက် ညနေ ၅ နာရီ ၁၄ မိနစ်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖိုးမြေရပ်ကွက်၊ ဖိုးမြေလမ်းရှိ ရေမြောင်းအတွင်းသို့ အသက် ခြောက်နှစ်အရွယ်ရှိယောက်ျားလေးတစ်ဦး ဘောလုံးဆင်းကောက်ရာမှ ရေစီးနှင့် မျောပါသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မင်္ဂလာတောင်ညွန့်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ် စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ရေစီးအတွင်း မျောပါသွားသည့် ကလေးငယ်အား အရေးပေါ် ပူးပေါင်းရှာဖွေခဲ့ကြသည်။

 

ထိုသို့ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ည ၇ နာရီ ၄၈ မိနစ်အချိန်တွင် မျောပါသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး သပြေကုန်းရပ် ကွက် လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ ည နေပိုင်းကလည်း တာမွေမြို့နယ်၊ ၁၅၅ လမ်းထိပ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံနေစဉ် အသက် ၁၄ နှစ်ခန့်အရွယ် ကလေးငယ် တစ်ဦးသည် ဖိနပ်လိုက်ကောက်ရာမှ ရေစီးနှင့်အတူ မျောပါသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။