ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
ရွေးတုအစိုးရမင်းအောင်လှိုင်ဦးစီးပြီး အကောင်အထည်ဖော်နေသော ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းနှင့် မလွတ်ကင်းသော သာသနိကအဆောက်အအုံများအပါအဝင် ပရဟိတကျောင်းများဖယ်ရှားစေရန် အမိန့်စာထုတ်ပြန်ပြီးနောက် ယခုအခါ ဝါထွက်အထိယာယီဆိုင်းငံ့ထားကြောင်း သတင်းရရှိသည်။
လာမည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် ရတနာပုံဆိုက်တာစီးတီးစီမံကိန်း ဧရိယာအတွင်းကျူးကျော်ထားသော ဘုန်းကြီးကျောင်းများကို နောက်ဆုံးထားဖယ်ရှားရန်အမိန့်စာထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဝါထွက်အထိဆိုင်းငံ့ထားသော်လည်း အမိန့်ထုတ်ပြန်ပြီးသားဖြစ်၍ ဖယ်ရှားခံရမည်မှာသေချာနိုင်ကြောင်း၊ မြေနေရာအစားထိုးပြန်လည်းပေးအပ်စေလိုကြောင်း ကျောင်းလှူဒါန်းထားသူတစ်ဦးက ဆိုသည်။
အဆိုပါဖယ်ရှားခိုင်းသည့်ဧရိယာတွင် ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ စာသင်တိုက်များနှင့် ပရဟိတကျောင်းများစွာရှိကြောင်း ပြင်ဦးလွင်မြို့ခံများထံမှ သိရသည်။

ထို့ပြင်ဖယ်ရှားခံရမည့်ကျောင်းများတွင် ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်အနီး၊ ၂၄ မိုင်ရှိ သက်ကြီးမျက်မမြင်ခိုကိုးရာရိပ်သာပရိတကျောင်းလည်းပါဝင်ပြီး ယင်းကျောင်းတွင် ပြုစုစောင့်ရှောက်မည့်သူမရှိသော သံဃာတော်များနှင့် သက်ကြီးရွယ်အိုများရှိကြောင်း ဒါယကာတစ်ဦးက ပြောကြားသည်။
” အဲဒီမျက်မမြင်ကျောင်းဖယ်ရမယ်ဆိုတော့ အကုန်လုံးစိတ်မကောင်းဖြစ် နေကြတယ်။ ဒုက္ခ ရောက်မှာစိုး နေကြတယ်။ မျက်မမြင်တဲ့သူတွေဆိုတော့ အခုနေရာမှာအသားကျ နေပြီးသားဖြစ်တယ်။ နေရာအသစ် ပြောင်းရင် သူတို့အတွက် အခက်အခဲ ဖြစ်မှာ” ဟု ၎င်းက ဆိုသည်။
ရွေးတုအစိုးရသည် ရတနာပုံဆိုက်တာစီးတီးစီမံကိန်းအကောင်အထည် ဖော်ရန်အတွက် နိုင်ငံခြားခရီးစဉ်တိုင်းတွင် ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ် လေ့ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်