ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ သာယာဝတီအကျဉ်းထောင်တွင် ထောင်တွင်းလိုအပ်ချက်များကို ထောင်ပိုင်ထံတင်ပြတောင်းဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ဖိနှိပ်ခြင်းများပြုလုက်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်၁၇ ရက်နေ့က အမျိုးသားဆောင်(၄)မှ နိုင်ငံရေး အကျဉ်းသားများက အဆောင်တွင်း လိုအပ်ချက်များကို ထောင်ပိုင်အားတင်ပြတောင်းဆိုခဲ့ရာမှ စတင်ခဲ့ပြီး ထောင်အာဏာပိုင်များက အငြိုးထားကာ နေ့စဉ် ပြင်းထန်စွာပုံစံပေးခြင်း၊ ဖိအားပေးခြင်းနှင့် မတရားခိုင်းစေခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုအပေါ် ထောင်ပိုင်လေးအေးမင်း နှင့် အဆောင်မှူးသိန်းတင်ဦး တို့က အငြိုးထားကာ အကျဉ်းသားများကို လေး နာရီကြာ ပုံစံထိုင်ခိုင်းခြင်း၊ စောင်းမြောင်းဆဲဆိုခြင်း၊ မတရားခိုင်းစေခြင်းများကို ၁၀ ရက်ကျော် ဆက်တိုက်ပြုလုပ်ကြောင်း သိရသည်။

အဆိုပါလုပ်ရပ်များကြောင့် အကျဉ်းသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေသည့်အခြေအနေသို့ရောက်ရှိနေသည့်အပြင် ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်ပသို့ ဖော်ထုတ်သူများကိုလည်း ပြင်းထန်စွာနှိပ်စက်လေ့ရှိကြောင်း သိရသည်။

သာယာဝတီထောင်အပြင် ဒိုက်ဦးထောင်သည်လည် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအပေါ် ထောင်တွင်း ဖိနှိပ်ညှင်းပန်းမှုများပြုလုပ်နေပြီး လက်ရှိတွင် အကျဉ်းသူများကိုမတရားတိုက်ပိတ်ခြင်း၊ အလုပ်ကြမ်းစေခိုင်းခြင်း၊ ဆေးဝါးဖြတ်တောက်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးလှုပ်ရှားမှုများကြောင့် မတရားဖမ်းဆီးခံထားရသူပေါင်း ၁၄၈၆၀ ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။