ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ဆွာလမ်းဆုံမီးပွိုင့်အနီးရှိ အမှတ် ၅ နယ်မြေရဲစခန်းနယ်မြေအတွင်း လေးကောင်ဂျင် လောင်းကစားရုံအား ရွေးတု အစိုးရအာဏာပိုင်အချို့နှင့် ပူးပေါင်းကာ ဖွင့်လှစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ လောင်းကစားရုံကို မွန်းလွဲ ၁၂ နာရီမှ နံနက် လေး နာရီအထိ ဖွင့်လှစ်ထားပြီး လောင်းကစားရုံအတွင်း၌ အရက်ဆိုင်၊ စားသောက်ဆိုင်နှင့် ထမင်းဆိုင်များပါ ထည့်သွင်းထားကြောင်း ဒေသခံများက ပြောသည်။
ယခင်က ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်များအတွင်း လောင်းကစားဝိုင်းများရှိပြီး တိုင်ကြားမှုများ ရှိခဲ့သဖြင့် မေလက အရေးယူမှုများ ပြုလုပ်ခဲ့သော်လည်း ယခုလက်ရှိ လောင်းကစားရုံကို အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီဝိုင်းတွေက တော်တော်လေးကို ဗြောင်ကျကျ လုပ်နေတာပါ။ သက်ဆိုင်ရာ အမှတ် ၅ နယ်မြေရဲစခန်း၊ နယ်မြေခံ စရဖ မိုးတိမ်နဲ့ ထွေအုပ်ဘက်က တာဝန်ရှိသူအချို့ပါ ပတ်သက်နေတယ်လို့ သတင်းထွက်နေတယ်” ဟု Non CDM ရဲအရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နေပြည်တော် အမှတ် ၅ နယ်မြေရဲစခန်း၊ ဥတ္တရသီရိအပိုင် စရဖ မိုးတိမ်၊ စစ်ကောင်စီတပ် အရာရှိများနှင့် ငန်းစပ်ကျေးရွာနေ ထွေအုပ်ဝန်ထမ်း ကိုမျိုးချစ်တို့သည် အဆိုပါ လောင်းကစားဝိုင်းများထံမှ အပတ်စဉ် လိုင်းကြေးများ ရယူကာ အကာအကွယ်ပေးထားကြသည်ဟု မြို့ခံများက ပြောသည်။
လောင်းကစားရုံကို ဥတ္တရသီရိ၊ ရွှေနံ့သာရပ်ကွက်နေ ဦးရန်နောင် (ခ) ဦးဖိုးကုလား၊ ဦးမင်းဇော် (ခ) ဦးသန်းဇော်၊ ငန်းစပ်ကျေးရွာနေ ဦးကိုမျိုးနှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်နေ ဦးကျော်ဇေယျ (ခ) ကျော်ကြီးတို့က ဦးဆောင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် နယ်ဝေးများမှ လေးကောင်ဂျင်ဒိုင်ကြီးများဖြစ်ကြသည့် ဦးကြည်လွင်၊ ဦးကျော်သူ၊ ဦးမောင်ဇော်၊ ဦးအောင်ကို၊ ဦးရွှေဓားနှင့် ဦးသိန်းသန်းမင်း တို့ကို ခေါ်ယူကာ ငွေကျပ် သိန်းရာထောင်ချီသည့် လောင်းကစား ဝိုင်းကြီးများအဖြစ် ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းပို့ တိုင်ကြားမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်ထိ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ လောင်းကစားဝိုင်းပိုင်ရှင်များထံမှ လိုင်းကြေးများ တောင်းယူကာ ဆက်လက်ခွင့်ပြုထားသည်ဟု နေပြည်တော်ရှိ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း ဒေသခံများက အဆိုပါ လောင်းကစားရုံ တည်နေရာအား မြေပုံအညွှန်းများနှင့်တကွ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့ရုံးများအထိ ထပ်မံတိုင်ကြားထားကြောင်း စုံစမ်း သိရှိရသည်။