‎ဧရာဝတီတိုင်းမ်
‎​စက်တင်ဘာ ၁၂ ရက်

‎​ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ် တပ်ရင်း သုံး ရင်းမှာ အထိနာကာ ရွှေကူဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

‎​ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ ညပိုင်းက ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသည့် တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၂ နှင့် ခမရ ၁၁၉ တပ်ရင်းများကို KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

‎”မြေပြင်တိုက်ပွဲလည်း အထိနာနေတယ်။ စစ်တပ်က စင်းခန်းဘက်တိုးနေပေမယ့် ဆက်တိုက် အထိနာနေတာ။ ဗန်းမော်မှာ အင်အား ၅၀၀ အထက်စုနေပြီဆိုပေမယ့် ဒီဘက်က စစ်ကြောင်းတွေနဲ့ မချိတ်မိသေးဘူး” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အဆိုပါ တိုက်ပွဲအတွင်း ခလရ ၁၂ မှ တပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၁၀၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် သေဆုံးသွားသည့် စစ်တပ် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကိုပါ သိမ်းဆည်းရရှိခဲ့သည်။

‎​ထို့ပြင် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း စင်းခန်းတံတား ပတ်ဝန်းကျင်သို့ ကပ်လာသည့် စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၈ ဦး ထပ်မံသေဆုံးခဲ့ပြီး ရုပ်အလောင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

‎ဇင်းဘုံတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ တပ်ရင်း သုံးရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး သေဆုံးမှုများပြားကာ ရွှေကူဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၁၀၀ ထက်မနည်း ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။