ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ လိုင်သွီးကျေးရွာတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သား နှစ်ဦး သေဆုံးကာ သုံးဦး ခြေလက်အင်္ဂါများ ဆုံးရှုံးရသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တီးတိန်မြို့နယ်၊ လိုင်သွီးကျေးရွာတွင် စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ရွာသားများ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေစဉ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“မိုင်းအမျိုးအစား မသိရပေမဲ့ ပေါက်ကွဲမှုက အတော်လေး ပြင်းထန်တယ်။ ရွာသားနှစ်ယောက်ကတော့ နေရာတင် သေဆုံးသွားတယ်။ နောက်ထပ် သုံးယောက်လည်း ခြေလက်တွေ ပြတ်ထွက်သွားတာရှိတယ်။ အခု အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်” ဟု တီးတိန် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ မိုင်းကို မည်သည့်အဖွဲ့အစည်းက ထောင်ထားမှန်း မသိရှိရသေးသော်လည်း လိုင်သွီးကျေးရွာသည် ရွေးတုအစိုးရစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သည့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) နှင့် ချင်းကာကွယ်ရေးတပ် CDF (ဟွာငိုရမ်) ပူးပေါင်းအဖွဲ့တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားရာနေရာ ဖြစ်သည်။
“ရွာဘက်မှာ စစ်တပ်က စစ်ကြောင်းထိုး ရောက်တာတွေ မရှိခဲ့သလို စခန်းချထိုင်တာလည်း မရှိဘူး။ သူတို့မိုင်း မဖြစ်နိုင်လောက်ဘူး။ ရွာဘက်မှာ ZRA နဲ့ CDF တွေကတော့ တိုက်ပွဲဖြစ်တာရှိတယ်။ သူတို့အဖွဲ့တွေက ထောင် ထားတာ ဖြစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။
လိုင်သွီးကျေးရွာသည် တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် တီးတိန် – ရိဒ်ခေါဒါရ် ကားလမ်းပေါ်တွင် တည်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း ZRA နှင့် CDF (ဟွာငိုရမ်) တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။