ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

စစ်တပ်ထောက်ခံသူများဘက်က ရခိုင်ပြည်နယ်အတွင်း “၄၉၂၆ စစ်ဆင်ရေး” ဆင်နွှဲနေသည်ဟု ဝါဒဖြန့်နေသော်လည်း အမှန်တကယ် စစ်ဆင်ရေးဆောင်ရွက်နေသည့် နာမည်မှာ “ရန်နိုင်အောင် စစ်ဆင်ရေး”သာ ဖြစ်ကြောင်း စစ်ရုံးချုပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်များထံမှ သိရသည်။

ရန်နိုင်အောင် စစ်ဆင်ရေးဟု အမည်ပေးထားခြင်းနှင့် ပတ်သက်၍ CDM စစ်သား ဗိုလ်ကြီး ဇင်ယော်ကလည်း ယခင်ရခိုင်ဒေသ စစ်ရေးအောင်မြင်မှုများကို ရည်ညွှန်းသည့် အမည်ဖြစ်သည်ဟု ဆိုသည်။

“သူတို့ ရခိုင်မှာ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး စိတ်ကူးယဉ် ဝါဒဖြန့်နေတာပါ။ တကယ်တမ်း နပခရဲ့ စစ်ဆင်ရေးအမည်က ‘ရန်နိုင်အောင်’ ဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ အင်အားအကုန်သုံးပြီး တိုက်နေပေမဲ့ တစ်ကြိမ်မှ မအောင်မြင်ပါဘူး”ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်သည် ရခိုင်တွင် အရေးနိမ့်နေမှုများကို ဖုံးကွယ်ရန်အတွက် ဗန္ဓုလ၊ ဗဒုံမင်း စသည့် စစ်ဆင် ရေးအမည်အမျိုးမျိုး အသုံးပြုကာ စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“စစ်ဆင်ရေး နာမည်တွေ ဘယ်လောက်ပဲ အမျိုးမျိုးပြောင်းပြီး ထုတ်ပြထုတ်ပြ၊ နာမည်တစ်ခု ထွက်လာတိုင်း စစ်တပ်ရဲ့ တပ်မ၊ စစ်မ အသီးသီးမှာ အင်အား ပြုန်းတီးသွားတာပဲ အဖတ်တင်ပါတယ်” ဟု အထက် ပါ သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

ထို့ပြင် လေကြောင်းနှင့် ရေကြောင်း အလွန်အကျွံ သုံးစွဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုရှိနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ကလည်း စစ်တပ်သည် သံတွဲနှင့် ဂွမြို့နယ်တို့ကို ရေကြောင်းမှလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ လေကြောင်းမှလည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။