ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဘက်သုံး ပင်မလေတပ်စခန်းဌာနချုပ် (တံတားဦး) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး YAK-130 တိုက်လေယာဉ်များ ထိမှန်ကြောင်း ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက်က ပြည်သူလူထုအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် အဆိုပါ တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးအဖြစ် ဒရုန်းဖြင့် တိကျစွာ သွားရောက်ချေမှုန်းခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း PDF ဒရုန်းတပ်ဖွဲ့များသည် စစ်တပ်၏ YAK-130 တိုက်လေယာဉ်များ ရပ်နားထားသည့် နေရာများကို တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့သည့်အပြင် မြေပြင်ထိတွေ့တိုက်ပွဲများအတွင်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ လစခ (၇) မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်တပ် တပ်ဖွဲ့ဝင် ငါး ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် သုံး ဦး မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်၍ မြင်းခြံခရိုင် အမှတ် (၄) နှင့် အမှတ် (၁၀) တပ်ရင်းများ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မန္တလေးခရိုင် အမှတ် (၃) တပ် ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) နှင့် အမှတ် (၄) တပ်ရင်းများ၊ တံတားဦး၊ စဉ့်ကိုင်၊ ငါန်းဇွန်မြို့နယ် ပကဖ များ၊ STF နှင့် ရွှေဘိုခရိုင်စစ်ဌာန အမှတ် (၁)၊ အမှတ် (၂) တို့မှ ပူးပေါင်းအင်အားများဖြင့် ဟန်ချက် ညီညီ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်ဘက်ကမူ ၎င်းတို့၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို သတင်းဖုံးဖိရန်အတွက် လေတပ်စခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် မန္တလေးအပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် ဝါဒဖြန့်နေသည်ဟု PDF ဘက်က ဆို သည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနှင့်အညီ လေတပ်စခန်းဌာနချုပ်များအပါအဝင် စစ်တပ်၏ အဓိကကျောရိုး စစ်ဘက်ဗဟိုချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတိပေး ထုတ်ပြန်ထားသည်။