ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်တွင် ဇိုမီးအမျိုးသားတပ်မတော် (ZNA) ၏ ပစ်ခတ်တိုက် ခိုက်မှုကြောင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) မှ ရဲဘော်တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့နယ်၊ ဇမ်ပီကျေးရွာတွင် တည်ရှိသော ZRA ၏ ကာကင်းစခန်းတစ်ခုကို စက်တင်ဘာလ ၁၀ ရက် နံနက် ၂ နာရီ ၄၀ မိနစ်ခန့်တွင် ZNA မှ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနက်အစောမို့ ရွာသားတွေ တစ်ယောက်မှ အိပ်ရာ က မနိုးကြသေးဘူး။ ၃ နာရီထိုးခါနီးလောက်မှာ ပစ်ကြတာပါ။ အပြန်အလှန် လက်နက်ကြီး လက်နက် ငယ်တွေ ပစ်ခတ်ကြသေးတယ်” ဟု တွန်းဇံ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ZRA ဘက်မှ ရဲဘော်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ZNA ဘက်မှ ရဲဘော်များလည်း ထိခိုက်မှုရှိကြောင်း ZRA က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်က တီးတိန်မြို့နယ်၊ တွီးကျင့်လွီးကျေးရွာရှိ ZNA စခန်းတစ်ခုကို ZRA မှ ဝင်ရောက်စီးနင်းကာ လက်နက်ခဲယမ်းများ သိမ်းဆည်းပြီး စားနပ်ရိက္ခာများ ဖျက်ဆီးခဲ့သည့်အတွက် ယခုကဲ့သို့ တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ZNA ဘက်ကလည်း ပြန်လည် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွား နေသည့်အတွက် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲတွေ ထပ်မဖြစ်စေချင်တော့ဘူး။ တိုက်ပွဲတွေဖြစ်ရင် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိ မ်ပူပန်နေရတယ်။ ရွာနဲ့ ရွာအနီးအနား သွားလာရာမှာလည်း အခက်တွေ့နေရတယ်” ဟု တွန်းဇံ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ZRA သည် ရွေးတုအစိုးရတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး ZNA သည် ZRA ထိပ်ပိုင်းခေါင်းဆောင်အချို့၏ လုပ်ရပ်များကို နှစ်သက်ခြင်း မရှိသဖြင့် ZRA မှ ခွဲထွက်ထားသည့် တပ်ဖွဲ့ တစ်ခုဖြစ်သည်။