ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ဗန်းတဲလ်ကျေးရွာမှ လူငယ်သုံးဦး ဆိုင်ကယ်တစ်စီးဖြင့် ခရီးသွားစဉ် ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ လူငယ်တစ်ဦး ချောက်အတွင်း ပြုတ်ကျကာ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ဗန်းတဲလ်ကျေးရွာမှ လူငယ်သုံးဦးသည် တွန်းဇံမြို့သို့ အလုပ်ကိစ္စဖြင့် ဆိုင်ကယ်တစ်စီးတည်း အတူစီးနင်း ထွက်ခွာလာစဉ် Lungtah ကျေးရွာ၊ Neisok baw mualkim လမ်းပိုင်းအရောက်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တွန်းဇံမြို့ဘက် အလုပ်ကိစ္စနဲ့ ဆိုင်ကယ်တစ်စီး လူငယ်သုံးယောက် စီးပြီးသွားကြတာပါ။ ဆိုင်ကယ်နောက်မှာ လိုက်စီးတဲ့ တစ်ယောက် ချောက်ထဲ ပြုတ်ကျ သေဆုံးသွားတာပါ” ဟု တွန်းဇံမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆိုင်ကယ်စီးနင်းလာစဉ် နောက်မှ လိုက်ပါလာသူ ကျန်ရစ်ခဲ့သည်ကို သူငယ်ချင်းဖြစ်သူ နှစ်ဦးက နောက်မှ သတိပြုမိသဖြင့် လိုက်လံ ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက် ကျေးရွာသားများ၏ အကူအညီဖြင့် ဝိုင်းဝန်း ရှာဖွေခဲ့ရာ လမ်းဘေးအောက်ဘက် ကျောက်တုံး၊ ကျောက်ဆောင်များ အများကြီးရှိသည့် ချောက်နက်အတွင်း ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ သေဆုံးသွားသည့် လူငယ်၏ ရုပ်အလောင်းကို Lungtah ကျေးရွာသားများ၏ အကူအညီဖြင့် ၎င်း၏ ဇာတိဖြစ်သော ဗန်းတဲလ်ကျေးရွာသို့ ကူညီသယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-CJ