ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

 

မန္တလေးရှိ တံတားဦးလေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို အရေးပေါ်ပိတ်ထားသဖြင့် နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များရပ်ဆိုင်းသွားပြီး ပြည်တွင်းခရီးစဉ်အတွက် ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ပြောင်းဆင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ယမန်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက FPV ဒရုန်းဖြင့် တံတားဦးရှိ စစ်တပ်၏ လေတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်များပျက်စီးသည့်အပြင် လေတပ်မှ တပ်ဖွဲ့ဝင်များလည်း ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ လေဆိပ်ပိတ်ခြင်းနှင့် လေဆိပ်ပြောင်းလဲခြင်းကြောင့် ခရီးသည်များအနေဖြင့် လက်မှတ်ဖိုးအပြည့်အဝပြန်အမ်းငွေယူနိုင်ခြင်း၊ ထိုင်ခုံနေရာရရှိမှုအပေါ်မူတည်၍ ခရီးစဉ်လမ်းကြောင်းတစ်ကြိမ်အခမဲ့ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း MAI က ထုတ်ပြန်ထားသည်။

“ပြည်တွင်းခရီးစဉ်တွေကို အနီးစခန်းလေဆိပ်ပြောင်းဆင်းမယ်ဆိုရင် အနည်းဆုံးတော့အသွားများတဲ့ ဘန်ကောက်နဲ့ စင်ကာပူခရီးစဉ်အတွက်လည်း လေကြောင်းလိုင်းတွေစီစဉ်ပေးသင့်တယ်။ ဘန်ကောက် – ရန်ကုန် – အနီးစခန်း အဲဒီလိုပေါ့။ အခုက ဘယ်ချိန်အထိ ပိတ်ထားမလဲမသိရဘူး။ နိုင်ငံခြားသွားဖို့ဆိုရင် ရန်ကုန်အရင်ဆင်းရမလို့ဖြစ်နေတယ် ” ဟု နိုင်ငံခြားမကြာခဏထွက်သူ ခရီးသွားတစ်ဦးက ဆိုသည်။

 

အလားတူ Air Thanlwin လေကြောင်းမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်/ ထွက်ခွာခရီးစဉ်အားလုံးကို အနီးစခန်းလေဆိပ်သို့ အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သည်။

 

အဆိုပါပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပြီး ခရီးသည်များ၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

 

တံတားဦးလေဆိပ်တိုက်ခိုက်ခံရချိန်တွင် အများပြည်သူများအသုံးပြုရာ လေဆိပ်အဆောက်အအုံကို ထိခိုက်ပျက်စီးခြင်းမရှိသော်လည်း ရွေးတုအစိုးရက လေဆိပ်အသုံးပြုမှုပိတ်ပင်ထားပြီး လေတပ်စခန်းမှ တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခြင်း ဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်