ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

 

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် ဘုန်းကြီးကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော် အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံထားရသည့်ကျောင်းထိုင်ဆရာတော်ဟောင်း၏ အခန်းတွင်းမှ ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိ ငွေသားများနှင့် ရွှေချောင်းများကို ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ငွေကြေးခဝါချမှု၊ အလွဲသုံးစားလုပ်မှုများဖြင့် သက်တော် ၆၆ နှစ်အရွယ် ဆရာတော်ဟောင်း Phra Wachirayan Wi. ကိုဖမ်းဆီးလိုက်ပြီးနောက် တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းလျှို့ဝှက်သိမ်းဆည်းထားသည့် ဘတ် သန်း ၁၀၀ ကျော်တန်ဖိုးရှိ ငွေသားများ နှင့် ရွှေချောင်း အများအပြားကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် ကျောင်းထိုင်ဆရာတော်မှ ငွေကြေးလွှဲပြောင်းပေးကာ လိင်ပိုင်းဆိုင်ရာဆက်နွယ်မှုပါရှိနေသည့် သံသယရှိသူအမျိုးသမီး၏ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ရာ ဘတ် ခြောက် သန်းကျော် တန်ဖိုးရှိ ရွှေချောင်းများနှင့် ရွှေထည်ပစ္စည်းများ၊ ငွေသား ဘတ် ၃ဒသမ၅ သန်းကျော် နှင့် ဘဏ်စာအုပ်များ၊ မြေယာပိုင်ဆိုင်မှုစာချုပ်စာတန်းများ စသည့်အဖိုးတန်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဘုန်းကြီးကျောင်း၏ ဂေါပကဖြစ်သူကိုလည်း ရာဇဝတ်မှုနှိမ်နင်းရေးဗျူရို(CSD) ဌာနချုပ်သို့ ခေါ်ယူကာ လေး နာရီကျော်ကြာ အသေးစိတ် စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။

အဆောင်လက်ဖွဲ့များလုပ်ပေးရာတွင် နာမည်ကျော်ကြားသည့် အဆိုပါဆရာတော်ဟောင်းအား အများပြည်သူဆိုင်ရာပုဂ္ဂိုလ်တစ်ဦးအနေဖြင့် အလွဲသုံးစားမှုများပြုလုပ်ခြင်း၊ တာဝန်ကိုအလွဲသုံးစားလုပ်ကာ အဂတိလိုက်စားခြင်း၊ ငွေကြေးခဝါချမှုတွင် ကြံရာပါပူးပေါင်းခြင်း စသည့်ပြစ်မှုများဖြင့် စွဲချက်များတင်ထားကြောင်းလည်း သိရသည်။

 

ငွေကြေးပမာဏများပြားသည့်အတွက် ရဲတပ်ဖွဲ့သည် ဖမ်းဆီးထားသူများ ထွက်ပြေးခြင်းမပြုနိုင်ရန် အာမခံမပေးဘဲ ထိန်းသိမ်းမိန့်လျှောက်ထားရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား – The Nation Thailand