ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

 

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအား FPV တိုက်ခိုက်ရေးဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့စဉ် စစ်တပ် တပ်ဖွဲ့ဝင်များ စုဝေးနေသည့်နေရာသို့ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခု ယနေ့တွင် ထွက်ပေါ်လာခဲ့သည်။

 

အဆိုပါ ရုပ်သံမှတ်တမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များ လွှတ်လိုက်သည့် FPV ဒရုန်းသည် လေတပ်စခန်းအတွင်းရှိ တိုက်လေယာဉ်ရုံများကို ကျော်လွန်၍ လေတပ် တပ်ဖွဲ့ဝင်များ စုဝေးနေသည့် ပစ်မှတ်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကို မြင်တွေ့ရသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်သော်လည်း တရားဝင် ထိခိုက်ဒဏ်ရာရရှိမှု စာရင်းကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

လတ်တလော တံတားဦးလေတပ်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ တိုက်လေယာဉ် လေးစီး ထိမှန်ခဲ့ပြီး ယင်းအနက် နှစ် စီးမှာ ပေါက်ကွဲမီးလောင်ကာ လုံးဝပျက်စီးသွားခဲ့ကြောင်းနှင့် ကျန် နှစ်စီးမှာလည်း အပြင်းအထန် ထိခိုက်သွားခဲ့ကြောင်း ရေးသားဖော်ပြနေကြသည်။

 

တိုက်ခိုက်မှုအပြီး တံတားဦးလေတပ်စခန်းဌာနချုပ်နှင့် ကပ်လျက်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၏ခရီးစဉ်များကို ယာယီရပ်ဆိုင်းလိုက်ရကာ MAI လေကြောင်းလိုင်း၏ ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်အရ နိုင်ငံတကာခရီးစဉ်များအားလုံးကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပြီး၊ ပြည်တွင်းခရီးစဉ်များကိုမူ ပြင်ဦးလွင်ရှိ အနီးစခန်းလေဆိပ်မှတစ်ဆင့် ပြောင်းလဲပြေးဆွဲပေးမည်ဖြစ်သည်။

 

စစ်တပ်ဘက်ကမူ FPV ဒရုန်း ခြောက် စင်းဖြင့် တိုက်ခိုက်မှုကို လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ဟန့်တားနိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုကို ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ် ကြောင်း လိမ်ညာထုတ်ပြန်ထားသည်။