ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အလုပ်မှပြန်လာသည့် လူငယ်တစ်ဦးအား မတရားဖမ်းဆီးချုပ်နှောင်ထားခဲ့သည့် အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ခုနှစ် ဦးကို ရာဇသတ်ကြီးပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၆) ရပ် ကွက်တွင် နေထိုင်သည့် ကိုနိုင်နိုင်ကျော်ဆိုသူသည် လွန်ခဲ့သည့် စက်တင်ဘာ ၄ ရက် ညပိုင်းက စက်ရုံမှအပြန် သုံးဘီးယာဉ်စီးနင်းခဲ့ရာမှ လှိုင်သာယာပြည်သူ့ဆေးရုံအနီးအရောက်၌ အမှတ် (၈) ရပ်ကွက် လှည့် ကင်းအဖွဲ့ဆိုသူများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ၎င်းအား အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ ခေါ်ဆောင်ကာ အိမ်သို့ ဖုန်းဆက်အကြောင်း ကြားခွင့် မပေးဘဲ လေးရက်တိုင် မတရားချုပ်နှောင်ထားခဲ့သည်ဟု သိရသည်။

စက်တင်ဘာ ၈ ရက် ညပိုင်းတွင် အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ညှိနှိုင်းမှသာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။

စစ်တပ်၏ စစ်မှုထမ်းခေါင်းစဉ်အောက်မှ လူငယ်များကို ဖမ်းဆီးငွေညှစ်သည့် လုပ်ရပ်များနှင့် ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက “စစ်တပ်ဘက်ကတော့ သူတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ အကာ အကွယ်ယူတာပေါ့။ တကယ်တမ်းက ဒီအုပ်ကြီးတွေ၊ ပျူစောထီးတွေကလည်း (စစ်တပ်ကို) ခွဲတမ်းပေးရတယ်။

တချို့အုပ်ကြီးတွေက ငွေလည်းယူ၊ နှစ်ဖက်စားလုပ်နေတဲ့ အနေအထားမျိုးပါ။ စစ်တပ်က သူတို့ကို ကတုံးပေါ်ထိပ်ကွက်လုပ်တဲ့ အုပ်ကြီးလောက်ကိုပဲ အရေးယူတာ။ ပုံမှန်ခွဲတမ်းပေးတဲ့ အုပ်ကြီးတွေကို မလုပ်ဘူး။ နှစ်ကျပ်ကွက်နင်းတဲ့ အုပ်ကြီးတွေကိုပဲ အရေးယူတဲ့ အနေအထားပါ”ဟု ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် ပတ်သက်၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်နိုင်စိုး ၅၀ နှစ်၊ ကျော်ကျော်ဝင်း (ခ) ကျော်ကြီး ၂၇ နှစ်၊ လွင်မိုး ၂၉ နှစ်၊ ကျော်ထက်ခေါင် ၂၅ နှစ်၊ ဇော်မင်း ၄၂ နှစ်နှင့် ကျော်သက်ပိုင် (ခ) ကျားပေါက် တို့အပါအဝင် ခုနှစ် ဦးကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းက (ပ) ၁၀၄၅/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၅/၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။