ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
ယူကရိန်းနိုင်ငံ၊ ဒနီပရိုပက်ထရော့ဗ်စခ်ဒေသရှိ ပါဗလိုဂရတ်မြို့မှာ ရုရှား ဒရုန်းတစ်စီးက စျေးဝယ် စင်တာကို တိုက်ခိုက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ လမ်းမတွေပေါ်မှာ လူတွေ ပြည့်နှက်နေတဲ့ နေ့ခင်းကြောင်တောင်အချိန်မှာ ဖြစ် ပွားခဲ့ပြီး ဆိုင်တွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အိုင်ဗန်ဗီဂီးဗ်စ ခီးက ဆိုပါတယ်။
ယူကရိန်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ယခုသီတင်းပတ်ကလည်း ဇာပိုရီးဇီးယားနဲ့ ဆူမီမြို့တွေ ရှိ စျေးဝယ်စင်တာနှစ်ခုကို ရုရှားက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားက ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ဆိုချီအပန်းဖြေမြို့ကို ယူကရိန်းရဲ့ ရေကြောင်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု ကြောင့် လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကြောင့် နောက်ထပ် လူ ၃ ဦး သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပွဲ ဖြစ်ပွားနေတာဟာ လေးနှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စေလွှတ်လိုက်တဲ့ သံတမန်တွေဟာ ပြီးခဲ့တဲ့ သီးတင်းပတ်ကုန် က မော်စကိုမှာ ပူတင်နဲ့ရော၊ ကိယက်ဗ်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ပါ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေ မဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေက ထိရောက်တဲ့ ရလဒ် ထွက်ပေါ်မလာခဲ့ပါဘူး။
ဒေသအုပ်ချုပ်ရေးမှူး အိုလက်ဇန္ဒားဟန်းဇာက ယခု တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၆၇ ဦးအ နက် ၈ ဦးဟာ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ Telegram မှတစ်ဆင့် သတင်းထုတ်ပြန်ပါတယ်။
ဇီလန်စကီးက သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကို ဝမ်းနည်းကြောင်း ကြေ ညာချက် ထုတ်ပြန်ခဲ့ပြီး ရုရှားတွေဟာ စျေးဝယ်စင်တာအနီး ရပ်နေကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ဖို့ ဒ ရုန်းတွေကို အသုံးပြုခဲ့တာလို့ ပြောပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆီဘီဟာက ဒရုန်းတိုက်ခိုက်မှုကို အကျပ်ကိုင်တဲ့ နည်းဗျူ ဟာလို့ ခေါ်ဆိုခဲ့ပြီး ရုရှားဟာ ပြည်သူတွေကို မညှာမတာ တိုက်ခိုက်ခြင်းဖြင့် ယူကရိန်းပြည်သူတွေကို အားယုတ်သွားစေကာ လိုက်လျောမှုတွေ ပြုလုပ်လာအောင် အတင်းအကျပ် ဖိအားပေးနိုင်မယ်လို့ ယုံ ကြည်နေကြောင်း ပြောပါတယ်။
ရေကြောင်းနဲ့ ကုန်းကြောင်း ပို့ဆောင်ရေး ဗဟိုချက်ဖြစ်သော ပါဗလိုဂရတ်မြို့ဟာ ယခင်ကလည်း ပြင်းထန်သော တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့လက ဂိုဒေါင်တွေကို တိုက်ခိုက်ခဲ့မှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆူမီမြို့ရှိ စျေးဝယ်စင်တာတစ်ခုကို ရုရှား ဒရုန်းတိုက်ခိုက်ခဲ့မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့သလို ကြာသပတေးနေ့က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေး ၃ ဦး အပါ အဝင် လူ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ဆိုပါတယ်။
ဇာပိုရီးဇီးယားမြို့ရှိ စျေးဝယ်စင်တာတစ်ခုမှာ တနင်္လာနေ့က တိုက်ခိုက်ခံရမှုကြောင့် အဆောက် အအုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့ပေမယ့် ထိုအချိန်က ပိတ်ထားတဲ့အတွက် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းမှ ရုရှား ထိန်းချုပ်ထားသော မာရီယူပိုလ်နဲ့ ဒိုးနက်စ်ခ်မြို့တွေရှိ စျေးဝယ်စင်တာတွေကို ဒရုန်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ထုတ်ပြန်ပါတယ်။
ကိုးကား – BBC
Ref; Five killed and 67 injured in Russian strike on shopping centre, Ukraine says