ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ လူသိများ နာမည်ကျော်ကြားသည့် ဝပ်ဖွတ်ထိုင်းစဝမ် (Wat Phutthaisawan) ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်သည် ကျောင်းတိုက် ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် အလွဲသုံးစား ပြုလုပ်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ငွေကြေးခဝါချမှု၊ ရာထူးတာဝန် အလွဲသုံးစားပြုမှု အပါအဝင် စွဲချက်များစွာဖြင့် ထိုင်းဗဟိုစုံစမ်း စစ်ဆေးရေးဗျူရို (CIB) က အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ ဗဟိုရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းဖြင့် ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

CIB ၏ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ ဆရာတော်သည် ကျောင်းတိုက်အမည်ဖြင့် လှူဒါန်း ထားသည့် ငွေကြေးများအပါအဝင် ဘတ် ၉၂ သန်းကျော်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ခဲ့ပြီး အဆိုပါ ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန်နှင့် ငွေကြေးခဝါချရန်အတွက် မိမိနှင့် ရင်းနှီးသည့် အမျိုးသမီးတစ်ဦးထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စုံစမ်းစစ်ဆေးမှုများအတွင်း ရရှိခဲ့သည့် CCTV မှတ်တမ်းများအရ အဆိုပါ အမျိုးသမီးနှင့် ရင်းနှီးကျွမ်းဝင်စွာ ပြုမူနေထိုင်သည့် မှတ်တမ်းများအပြင် ဆရာတော်က အဆိုပါ အမျိုးသမီးနှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုရှိကာဆက်ဆံနေသည့် မှတ်တမ်းများကိုပါ စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းထိုင်ဆရာတော်မှာ လွမ်ဖိုး အတိချော့တ် ထမ္မဝရော (Luang Pho Atichot Thammaparo) ဆိုသူဖြစ်ပြီး ‘နွဲဒွမ်’ (Nuea Duang) ဟူသည့် အဆောင်လက်ဖွဲ့များကြောင့် ယုံကြည်ကိုးကွယ်သူများအကြား လူသိများထင်ရှားသည့် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ ထပ်မံရရှိနိုင်ရန်အတွက် ကျောင်းတိုက်အတွင်း ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေပြီး ဆရာတော်နှင့် အဆိုပါ အမျိုးသမီးတို့အား CIB ရုံးချုပ်သို့ ခေါ်ဆောင်ကာ အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကိုးကား – Khaosod English