ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ အောက်တိုဘာ ၂၅ ရက်)

ပျော်ရွှင်တာကို လူသားတိုင်း လိုလားတောင့်တကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ မိဘရဲ့ရင်ခွင်ထဲမှာ လုံလုံခြုံခြုံ အိပ်စက်ရခြင်း ဖြစ်နိုင်ပါတယ်။ လူငယ်တစ်ယောက်အတွက်တော့ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိရခြင်း၊ ဝါသနာပါတဲ့အလုပ်ကို လုပ်ကိုင်ခွင့်ရခြင်း၊ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိခြင်းတို့ ဖြစ်နိုင်ပါတယ်။

မိသားစုတစ်စုအတွက် ပျော်ရွှင်မှုဟာ ညစာစားပွဲမှာ မိသားစုဝင်အားလုံး စုံစုံလင်လင် ရှိနေခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ စစ်ဘေးရှောင်တစ်ယောက်အတွက်တော့ အန္တရာယ်ကင်းတဲ့နေရာမှာ တစ်ညတာ စိတ်အေးလက်အေး အိပ်စက်ခွင့်ရခြင်းဟာလည်း ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခု ဖြစ်နေနိုင်ပါတယ်။

ပျော်ရွှင်ခြင်းဆိုတာ အမြဲပြုံးရယ်နေရခြင်း၊ ဝမ်းနည်းစရာမရှိခြင်း၊ ဒါမှမဟုတ် အခက်အခဲကင်းတဲ့ ဘဝ ကို ပိုင်ဆိုင်ထားခြင်းလို့တော့မဆိုလိုပါဘူး။ လူတိုင်းပျော်ရွှင်ချင်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်မှုကို ခံစားရပုံ မတူကြပေမယ့် ပျော်ရွှင်လိုတဲ့ဆန္ဒကတော့ လူသားအားလုံးမှာ ရှိနေတတ်ပါတယ်။

ဒါဆို ပျော်ရွှင်မှုဆိုတာ တကယ်တော့ ဘာလဲ။ ပျော်ရွှင်တဲ့အခါ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်နေမှာလဲ။ ပျော်ရွှင်ခြင်းက ကျန်းမာရေးကို တကယ်ရော အထောက်အကူပြုလား။ ဘဝရဲ့အခက်အခဲ တွေကြားမှာ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမှာလဲ။

ဒီမေးခွန်းတွေကို ဆေးပညာ၊ စိတ်ပညာနဲ့ လူမှုဘဝရှုထောင့်တို့ကနေ ဖြေဆိုကြည့်ရင်း တွေးတော ဆင်ခြင်ကြရအောင်ပါခင်ဗျာ။

🟥ပျော်ရွှင်မှု (Happiness) ဆိုတာ ဘာလဲ။

ပျော်ရွှင်မှုဆိုတာ ခဏတာ စိတ်ကြည်နူးရခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်ဘဝအပေါ် ကျေနပ်မှုရှိခြင်း၊ ကိုယ်လုပ်နေတဲ့အရာတွေမှာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရခြင်းနဲ့ စိတ်ချမ်းသာစွာ နေထိုင်နိုင်ခြင်းတို့ ပါဝင်ပါတယ်။

စိတ်ပညာမှာတော့ ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှု (Well-being) ကို အဓိကရှုထောင့်နှစ်မျိုး ကနေ လေ့လာကြပါတယ်။

ပထမတစ်မျိုးက Hedonic Well-being လို့ခေါ်တဲ့ သာယာကြည်နူးမှုကို ခံစားရခြင်းပါ။ ဥပမာပေးရရင် အရသာရှိတဲ့ အစားအစာစားရတာ၊ သီချင်းကောင်းကောင်းတစ်ပုဒ် နားထောင်ရတာ၊ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောရတာမျိုးတွေ ဖြစ်ပါတယ်။

နောက်တစ်မျိုးကတော့ Eudaimonic Well-being လို့ခေါ်တဲ့ အဓိပ္ပာယ်ရှိတဲ့ဘဝကို နေထိုင်နေရတယ်လို့ ခံစားရခြင်းပါ။ ကိုယ်ယုံကြည်တဲ့ တန်ဖိုးထားမှုတွေအတိုင်း နေထိုင်နိုင်တာ၊ အခြားသူတွေကို ကူညီနိုင်တာ၊ ကိုယ့်ဘဝမှာ ရည်ရွယ်ချက်တစ်ခုရှိနေတာမျိုးတွေ ဖြစ်ပါတယ်။

ဥပမာပြောရရင် ဆရာဝန်တစ်ယောက်ဟာ လူနာတွေကို ကုသပေးရင်း အလုပ်ပင်ပန်းနေနိုင်ပါတယ်။ ဒါပေမယ့် လူနာတစ်ယောက် ကျန်းမာလာတာကို မြင်ရတဲ့အခါ ကိုယ်လုပ်နေတဲ့အလုပ်အတွက် ကျေနပ်ပီတိဖြစ်ရပါတယ်။ ဒီလိုကျေနပ်မှုဟာ ခဏတာပျော်ရွှင်မှုထက် ပိုမိုနက်ရှိုင်းတဲ့ ဘဝအဓိပ္ပာယ်နဲ့ ဆက်စပ်နေပါတယ်။ တစ် နည်းအားဖြင့် ပျော်ရွှင်မှုဆိုတာ စိတ်ချမ်းသာရခြင်းသာမက ကိုယ့်ဘဝကို တန်ဖိုးရှိတယ်လို့ ခံစားနိုင်ခြင်းလည်း ဖြစ်ပါတယ်။

🟥ပျော်ရွှင်တဲ့အခါ ဦးနှောက်ထဲမှာ ဘာတွေဖြစ်မှာလဲ။

ပျော်ရွှင်မှုဟာ စိတ်ခံစားချက်တစ်ခုဖြစ်သလို ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ကျေနပ်ပီတိဖြစ်တဲ့အခါ ဦးနှောက်အတွင်းမှာ အာရုံကြောဆဲလ်တွေအကြား “အပျော်ဟော်မုန်း” (အာရုံကြော ဓာတုဓာတ်များ) ထွက်ပေါ်တာတွေ ဖြစ်နေပါတယ်။

ဒီဖြစ်စဉ်တွေမှာ Dopamine၊ Serotonin၊ Endorphins နဲ့ Oxytocin စတဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေ ပါဝင်ပါတယ်။

◾️Dopamine (ဆုလာဘ်မျှော်လင့်မှုနှင့် စိတ်အားထက်သန်မှုကို ဖြစ်စေသည့် ဟော်မုန်း)
-Dopamine ဟာ ဆုလာဘ်မျှော်လင့်မှု၊ စိတ်အားထက်သန်မှုနဲ့ သင်ယူမှုတွေမှာ အရေးပါတဲ့ အချက်ပြ ဓာတုဓာတ် ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ကြိုးစားထားတဲ့အရာတစ်ခု အောင်မြင်လာတဲ့အခါ၊ အသစ်အဆန်းတစ်ခုကို သင်ယူရတဲ့အခါ လှုပ်ရှားလာပါတယ်။

◾️Serotonin (စိတ်အခြေအနေနှင့် အိပ်စက်မှုကို ထိန်းညှိပေးသည့် ဟော်မုန်း)
-Serotonin ကတော့ စိတ်အခြေအနေ၊ အိပ်စက်မှုနဲ့ အစာစားချင်စိတ်အပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးမှာ ပါဝင်ပါတယ်။

◾️Endorphins (နာကျင်မှုကို သက်သာစေပြီး သာယာကြည်နူးမှုကို ပေးသည့် သဘာဝဟော်မုန်း)
-Endorphins တွေဟာ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်တဲ့ ဓာတုဓာတ် အာရုံကြော ဟော်မုန်းဖြစ်ပြီး နာကျင်မှုကို ထိန်းညှိရာမှာ အရေးပါပါတယ်။

◾️Oxytocin (လူအချင်းချင်း ရင်းနှီးမှုနှင့် ယုံကြည်မှုကို တည်ဆောက်ပေးသည့် မေတ္တာဟော်မုန်း)
-Oxytocin ဟာ ကလေးမီးဖွားခြင်း၊ နို့တိုက်ခြင်းနဲ့ လူမှုဆက်ဆံရေး ဆက်နွယ်မှုခံစားချက်တွေမှာ ပါဝင်တဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဓာတုဓာတ်တွေထဲက တစ်မျိုးမျိုးကို ပျော်ရွှင်မှုဖြစ်စေတဲ့ တစ်ခုတည်းသောအကြောင်းရင်း လို့ မသတ်မှတ်နိုင်ပါဘူး။ လူသားတွေရဲ့ ပျော်ရွှင်မှုဟာ ဦးနှောက်ထဲက ဓာတုဟော်မုန်းတွေ၊ ဘဝ အတွေ့အကြုံတွေ၊ စိတ်ခံစားချက်တွေနဲ့ လူမှုပတ်ဝန်းကျင်တို့ အပြန်အလှန်ဆက်စပ်နေတဲ့ အဆင့်မြင့် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။

🟥ပျော်ရွှင်မှုက ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူပြုနေသလား။

စိတ်ချမ်းသာခြင်းနဲ့ ကိုယ်ကျန်းမာခြင်းဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ သုတေသနအချို့အရ စိတ်ပျော်ရွှင် ခံစားချက်ကောင်းမွန်မှုရှိသူတွေမှာ ပိုမိုအိပ်ပျော်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင် စားသောက်မှုပုံစံတွေကို ပိုမိုလိုက်နာနိုင်ခြင်းနဲ့ နှလုံးနှင့်သွေးကြောကျန်းမာရေး ပိုကောင်းခြင်းတို့ကို တွေ့ရှိထားပါတယ်။

ဒါပေမယ့် ပျော်ရွှင်နေရုံနဲ့ ရောဂါတွေကို ကာကွယ်နိုင်မယ်၊ အသက်ပိုရှည်မယ်လို့ တိတိကျကျ မပြောနိုင်ပါဘူး။ ကျန်းမာရေးကောင်းတဲ့သူဟာ ပိုမိုပျော်ရွှင်နိုင်သလို စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ သူဟာ လည်း ကိုယ့်ကျန်းမာရေးကို ပိုဂရုစိုက်နိုင်ပါတယ်။

အိပ်ရေးဝအောင်အိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အာဟာရမျှတစွာစားသုံးခြင်း၊ မိတ်ဆွေတွေနဲ့ ကောင်းမွန်တဲ့အဆက်အသွယ်ရှိခြင်းတို့ဟာ စိတ်နဲ့ခန္ဓာကိုယ် နှစ်မျိုးလုံးအတွက် အကျိုးရှိနိုင်ပါတယ်။ ပျော်ရွှင်မှုကို ကျန်းမာရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြင်နိုင်ပေမယ့် ဆေးကုသမှု ကို အစားထိုးနိုင်တဲ့အရာလို့တော့ ယူဆလို့မရပါဘူး။

🟥စိတ်ကျန်းမာရေးကောင်းဖို့ အမြဲပျော်ရွှင်နေဖို့ လိုသလား။

မလိုပါဘူး။ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကောင်းမွန်မှုကို သူဘယ်လောက်မကြာခဏ ပြုံးရယ် နေသလဲဆိုတာနဲ့ တိုင်းတာလို့ မရပါဘူး။

ချစ်ခင်ရသူကို ဆုံးရှုံးရတဲ့အခါ ဝမ်းနည်းတာ၊ မတရားမှုတွေကြုံရတဲ့အခါ ဒေါသထွက်တာ၊ အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့တာတွေဟာ လူသားတွေရဲ့ သဘာဝစိတ်ခံစားချက်တွေ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးကောင်းမွန်ခြင်းဆိုတာ ဒီခံစားချက်တွေကို မရှိအောင် ဖယ်ရှားပစ်ခြင်း မဟုတ်ပါဘူး။ ကိုယ့်ခံစားချက်တွေကို နားလည်လက်ခံပြီး သင့်တော်တဲ့နည်းလမ်းတွေနဲ့ ရင်ဆိုင်နိုင်ခြင်း ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ “အကောင်းမြင်စိတ်ထားပါ”၊ “ပျော်ပျော်နေပါ” ဆိုတဲ့ စကားတွေဟာ အားပေးစကား ဖြစ်နိုင်ပေမယ့် အလွန်အမင်း ဝမ်းနည်းပူဆွေးနေသူတစ်ယောက်အတွက်တော့ ဖိအားတစ်ခု ဖြစ်သွား နိုင်ပါတယ်။ လူသားတစ်ယောက်မှာ ပျော်ရွှင်ခွင့်ရှိသလို ဝမ်းနည်းခွင့်လည်း ရှိပါတယ်။

🟥ပျော်ရွှင်မှုဟာ တစ်ဦးချင်းစိတ်ထားနဲ့ပဲ ဆိုင်သလား။

ပျော်ရွှင်မှုအကြောင်း ပြောကြတဲ့အခါ တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်နေ သဘောထားနဲ့ ကြိုးစားမှု တွေကို အလေးထားပြောဆိုလေ့ရှိကြပေမဲ့ ဒီတစ်ခုတည်းပေါ်မှာ မူတည်နေတာတော့ မဟုတ်ပါဘူး။ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံ ရေးအခြေအနေတွေကလည်း လူတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ဘဝကျေနပ်မှု အပေါ် အကြီးအကျယ် သက်ရောက်မှုရှိပါတယ်။

စားဝတ်နေရေး ရုန်းကန်ရခြင်း။ မလုံလောက်ခြင်း၊ အလုပ်အကိုင်မတည်ငြိမ်ခြင်း၊ နေထိုင်ရာအိမ်မလုံ ခြုံခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနဲ့ အကြမ်းဖက်မှုတွေဟာ လူတစ်ယောက်ရဲ့ စိတ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်တိုင် စစ်ပွဲကြောင့် နေရပ်စွန့်ခွာနေရသူတစ်ယောက်အဖြစ် စဉ်းစားကြည့်ပါဗျာ။ မနက်ဖြန် ဘယ်မှာနေထိုင်ရမလဲဆိုတာ မသေချာဘူး။ မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ မလုံလောက်ဘူး။

ဒီလိုအခြေအနေမျိုးမှာ “အကောင်းမြင်စိတ်ထားပြီး ပျော်ပျော်နေပါ” လို့ ပြောရုံနဲ့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ လုံခြုံတဲ့နေရာ၊ လုံလောက်တဲ့စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ခွင့်နဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကသာ ပိုပြီး အရေးကြီးနေပါလိမ့်မယ်။

ဒါကြောင့် လူသားတွေရဲ့ ပျော်ရွှင်မှုကို မြှင့်တင်ဖို့ဆိုရင် တစ်ဦးချင်းစီရဲ့ စိတ်ကျန်းမာရေးကိုသာမက လူမှုလုံခြုံရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ အခြေ ခံလိုအပ်ချက်တွေ ရရှိနိုင်ရေးကိုပါ အလေးထားဖို့ လိုပါတယ်။

ပျော်ရွှင်မှုဟာ တစ်ဦးချင်းစီရဲ့ ခံစားချက်ဖြစ်ပေမယ့် ပျော်ရွှင်နိုင်တဲ့အခြေအနေတွေကိုတော့ လူ့အဖွဲ့ အစည်းကပါ ပုံဖော်ပေးနေတာ ဖြစ်ပါတယ်။

🟥ပျော်ရွှင်မှုနဲ့ လူမှုဆက်ဆံရေး

လူသားတွေဟာ တစ်ဦးတည်း သီးခြားရှင်သန်နေကြတဲ့ သတ္တဝါတွေ မဟုတ်ပါဘူး။မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်ရသူတွေနဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

ဝမ်းနည်းနေတဲ့အချိန်မှာ တစ်ယောက်ယောက်ပြောတာကို နားထောင်ပေးတာ၊ အခက်အခဲကြုံတဲ့အခါ ကူညီပေးတာ၊ အောင်မြင်မှုရတဲ့အခါ အတူဝမ်းသာပေးတာတွေဟာ လူတစ်ယောက်ရဲ့ ဘဝကို ပိုမိုနွေးထွေးစေနိုင်ပါတယ်။ အထီးကျန်ခြင်းနဲ့ အကူအညီမဲ့နေခြင်းက စိတ်ကျန်းမာရေးသာမက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

မိတ်ဆွေအများကြီးရှိမှ ပျော်ရွှင်နိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ကို နားလည်ပေးတဲ့ မိတ်ဆွေတစ်ယောက်၊ ယုံကြည်အားကိုးလို့ရတဲ့ မိသားစုဝင်တစ်ယောက် ရှိနေခြင်းကတန်ဖိုးရှိတဲ့ လူမှုဆက်ဆံရေးတစ်ခု ဖြစ်ပါတယ်။တစ်ခါတစ်ရံ ပျော်ရွှင်မှုဆိုတာ လူအများကြီးကြားမှာ ရှိနေပြီး အထီးကျန်နေရခြင်းထက် ကိုယ့်ကို နားလည်ပေးမယ့်သူတစ်ယောက် ရှိနေခြင်း ဖြစ်နိုင်ပါတယ်။

ပျော်ရွှင်မှုကို မန်းမှုတ် ဂါထာရွတ်ပြီး ချက်ချင်းဖန်တီးလို့တော့ မရပါဘူး။နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုကို ပျိုးထောင်ဖို့ နည်းလမ်းတွေရှိပါတယ်။ နေ့စဉ်ဘဝမှာ လုပ်ဆောင်နိုင်တဲ့ အလေ့အကျင့်သေးသေးလေး တွေက စိတ်ပျော်ရွှင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ။ အရွယ်ရောက်သူအများစုအတွက် တစ်ညကို အနည်းဆုံး ခုနစ်နာရီခန့် အိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးမဝခြင်းဟာ စိတ်အခြေအနေ၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်နိုင်စွမ်းတို့အပေါ် သက်ရောက်နိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားပါ။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကခြင်းနဲ့ ကိုယ်နှစ်သက်တဲ့ အားကစား တစ်ခုခု ပြုလုပ်ခြင်းဟာ စိတ်နဲ့ခန္ဓာကိုယ် နှစ်မျိုးလုံးအတွက် အကျိုးရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရွယ်ရောက်သူတွေအတွက် တစ်ပတ်ကို ချွေးထွက်စေနိုင်လောက်တဲ့ (အလယ်အလတ် ပြင်းထန်မှုရှိတဲ့) ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး နှစ်နာရီခွဲ- သုံးနာရီ ပြုလုပ်ဖို့ အကြံပြုထားပါတယ်။

ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပြတ်ပါစေနဲ့။ မိသားစုနဲ့ စကားပြောခြင်း၊ မိတ်ဆွေတွေကို ဆက်သွယ်ခြင်း၊ ကိုယ့်ခံစားချက်တွေကို ယုံကြည်ရသူနဲ့ မျှဝေခြင်းတို့က စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ရစေနိုင်ပါတယ်။

ကိုယ်နှစ်သက်တဲ့အရာတွေအတွက် အချိန်ပေးပါ။ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ပန်းစိုက်ခြင်း၊ ပန်းချီဆွဲခြင်း၊ သဘာဝပတ်ဝန်းကျင်ထဲမှာ အချိန်ဖြုန်းခြင်းတို့လို ကိုယ့်ကို စိတ်ကြည်နူးစေတဲ့ လှုပ်ရှားမှုတွေကို နေ့စဉ်ဘဝထဲမှာ ထည့်သွင်းနိုင်ပါတယ်။

ကိုယ့်ခံစားချက်တွေကို လက်ခံပါ။ ဝမ်းနည်းတဲ့အခါ ဝမ်းနည်းခွင့်ရှိပါတယ်။ ငိုချင် ငိုလိုက်ပါ။ ပင်ပန်းတဲ့ အခါ အနားယူခွင့်ရှိပါတယ်။ အရာအားလုံးကို အကောင်းမြင်စိတ်နဲ့သာ ရင်ဆိုင်ရမယ်ဆိုတဲ့ ဖိအားကို ကိုယ့်ကိုယ်ကို မပေးသင့်ပါဘူး။

လိုအပ်တဲ့အခါ အကူအညီတောင်းပါ။ စိတ်ဓာတ်ကျခြင်း၊ အရင်ကနှစ်သက်ခဲ့တဲ့အရာတွေကို စိတ်ဝင် စားမှုလျော့နည်းခြင်း၊ မျှော်လင့်ချက်မဲ့သလို ခံစားရခြင်းတို့ဟာ နှစ်ပတ်ကျော် ဆက်လက်ဖြစ်ပေါ်ပြီး နေ့စဉ်ဘဝကို ထိခိုက်လာရင် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့သူ(ဆရာဝန်)နဲ့ တိုင်ပင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို ထိခိုက်စေချင်တဲ့အတွေးတွေ ရှိလာရင်တော့ အရေးပေါ်အကူအညီ ချက်ချင်းရယူဖို့ လိုပါတယ်။

ဒီအလေ့အကျင့်တွေဟာ လူတိုင်းကို အမြဲပျော်ရွှင်နေစေမယ့် နည်းလမ်းတွေ မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ကျန်းမာရေးကို ထိန်းသိမ်းဖို့ အထောက်အကူပြုနိုင်တဲ့ နေ့စဉ်အလေ့အကျင့်တွေ ဖြစ်ပါတယ်။

🟥ပျော်ရွှင်မှုနဲ့ လူသားချင်းစာနာမှု

ပျော်ရွှင်မှုဟာ ကိုယ်တစ်ယောက်တည်း ခံစားရတဲ့အရာတစ်ခုသာ မဟုတ်ပါဘူး။ အပျော်က ကူးစက် တတ်ပါတယ်။ တစ်ခါတစ်ရံ ကိုယ်တိုင်ပျော်ရွှင်ရတာထက် အခြားသူတစ်ယောက် ပျော်ရွှင်လာအောင် ကူညီပေးနိုင်ခြင်းကလည်း ဘဝကို အဓိပ္ပာယ်ရှိစေနိုင်ပါတယ်။

အစာငတ်နေသူတစ်ယောက်ကို အစားအစာမျှဝေပေးတာ၊ နာမကျန်းသူတစ်ယောက်ကို ပြုစုကူညီစောင့် ရှောက်တာ၊ စိတ်ညစ်နေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ စကားကို နားထောင်ပေးတာတွေက လူသားချင်း ဆက်နွယ်မှုကို ပိုမိုခိုင်မာစေပါတယ်။

ဒါပေမယ့် အခြားသူတွေကို ကူညီဖို့ဆိုပြီး ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်လိုအပ်ချက်တွေကို အမြဲလျစ်လျူ ရှုထားဖို့တော့ မလိုပါဘူး။

ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ အခြားသူတွေကို စာနာခြင်းဟာ ဆန့်ကျင်ဘက်အရာတွေ မဟုတ်ပါဘူး။ တကယ်တော့ လူသားချင်းစာနာမှုဆိုတာ အခြားသူတွေရဲ့ နာကျင်မှုကို နားလည်ပေးခြင်းသာမက သူတို့ရဲ့ ပျော်ရွှင်မှုကို မုဒိတာပွားပေးနိုင်တာ သူတို့ မျှော်လင့်ချက်နဲ့ဂုဏ်သိက္ခာကို လေးစားပေးနိုင်တာ ဖြစ်ပါတယ်။

ပျော်ရွှင်မှုဆိုတာ လူသားဖြစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ လူသားဘဝမှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှု၊ အောင်မြင်မှုနဲ့ ဆုံးရှုံးမှု၊ မျှော်လင့်ချက်နဲ့ စိတ်ပျက်မှုတွေဟာ အတူတကွ ရှိနေတတ်ပါတယ်။ ပျော်ရွှင်မှု ဆိုတာ ဝမ်းနည်းစရာအားလုံး ပျောက်ကွယ်သွားတဲ့အချိန်မှသာ ရရှိနိုင်တဲ့အရာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ ဘဝအခြေအနေတွေကြားမှာတောင် ခဏတာ စိတ်အေးချမ်းမှု၊ ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်ခွင့်၊ ကိုယ်လုပ်နေတဲ့အလုပ်အပေါ် ကျေနပ်မှုနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့အတူ ရှိနေနိုင်ပါတယ်။

လူတစ်ယောက် မပျော်ရွှင်နိုင်သေးတာက သူ့ရဲ့အားနည်းချက်ရှိတာ ကြိုးစားမှုမလုံလောက်တာလို့ မဆိုလိုပါဘူး။ လူသားတွေရဲ့ ပျော်ရွှင်မှုကို မြှင့်တင်ဖို့ဆိုရင် ကျန်းမာရေး၊ လုံခြုံရေး၊ လူမှုဆက်ဆံရေး၊ လွတ်လပ်စွာရွေးချယ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မှုတို့ကိုလည်း အလေးထားဖို့ လိုပါတယ်။

ပျော်ရွှင်မှုဆိုတာ အမြဲပြုံးနေရခြင်း မဟုတ်ပါဘူး။ ဝမ်းနည်းတဲ့အခါ ဝမ်းနည်းခွင့်ရှိခြင်း၊ ခက်ခဲတဲ့ အချိန်မှာ အကူအညီရရှိခြင်း၊ မျှော်လင့်ချက်ရှိခြင်းနဲ့ ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိရှိ ရှင်သန်နိုင်ခြင်းတို့လည်း ဖြစ်ပါတယ်။

လူသားတိုင်း ပျော်ရွှင်ချင်ကြပါတယ်။ ဒါပေမယ့် လူသားတိုင်း ပျော်ရွှင်နိုင်ဖို့ဆိုရင် ပျော်ရွှင်မှုကို ရှာဖွေဖို့သာမက ပျော်ရွှင်နိုင်တဲ့ဘဝအခြေအနေတွေကိုလည်း အတူတကွဖန်တီးဖို့ လိုအပ်ပါတယ်။ သူတစ်ပါးပျော်ရွင်တာကြည့်ပြီး မုဒိတာပွား အပျော်တွေကူးစက်ပြီး တောက်ပတဲ့နေ့ရက်ကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ “အကယ်၍ မိသားစုဝင်တစ်ယောက် ဆေးစွဲခဲ့သော်” ဆိုတဲ့ ကျန်းမာရေး ဆောင်းပါးကို တင်ဆက်ပေးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနားဆင်ပေးကြပါဦးခင်ဗျာ။