ဧရာ၀တီတိုင်းမ်
‎အောက်တိုဘာ ၂၅၊ ၂၀၂၆
‎

အာဏာလု စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသားများ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ပွဲ ဝင်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ၏ (၆၆) နှစ်မြောက် တည်ထောင်နေ့ သဝဏ်လွှာတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းနှိုးဆော်လိုက်သည်။

 

KIO ကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရ အဆက်ဆက်၏ အမျိုးသားရေး လမ်းစဉ်အမှားနှင့် ဖိနှိပ်မှုများကို တုံ့ပြန်ရန် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရှမ်း၊ ကချင်၊ ချင်းနှင့် မြန်မာတိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ် သည် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အရေးပါသော သမိုင်းဝင် သက်သေခံတစ်ခုဖြစ်ကြောင်းလည်း KIO ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ထောက်ပြထားသည်။

 

စစ်အာဏာရှင် အဆက်ဆက်သည် တိုင်းရင်းသားအချင်းချင်း သွေးကွဲစေရန် စနစ်တကျ မီးမွှေးခဲ့ကြပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ရှမ်းနီတပ်မတော် (SNA) ကဲ့သို့သော အမည်များကို အသုံးပြု၍ ဒေသတွင်း ပဋိပက္ခများ ပိုမိုဖန်တီးလာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တော်လှန်ရေး ရဲဘော်များအနေဖြင့် စည်းကမ်း တိကျစွာ လိုက်နာကြရန်နှင့် ရွေးတုအစိုးရ စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများ ဒုက္ခရောက်နေရသည်ကို စာနာ၍ အတူတကွ လက်တွဲရင်ဆိုင်ကြရင်း တော်လှန်ရေး အရှိန်အဟုန်ကို မလျှော့တမ်း ကြိုးပမ်းသွားကြရန် နှိုးဆော်ထားသည်။

 

KIO အနေဖြင့် အခြားသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်တွဲ၍ ခိုင်မာသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာသည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နိဂုံးချုပ် သဝဏ်လွှာပေးပို့ထားသည်။

 

ဓာတ်ပုံ – Lung Jung LA N