ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
ပြင်သစ်နိုင်ငံမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ စာသင်ကျောင်း အရည်အသွေး နိမ့်ကျမှုတွေအပေါ် မကျေနပ်လို့ ပြည်သူတွေ ဆန္ဒပြခဲ့ပြီးနောက် စနေနေ့နှောင်းပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁,၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
ပါရီအပါအဝင် မြို့တော်အတော်များများမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ရေအမြောက်တွေ အသုံးပြုပြီး လူစုခွဲခဲ့တာပါ။ မာဆေးလ်မြို့မှာ လမ်းမတွေကို ပိတ်ဆို့ မီးရှို့တာတွေ ရှိခဲ့သလို ဘော်ဒိုးမြို့မှာလည်း ဆိုင်ခန်းအချို့ကို ပျက်စီးအောင် ပြုလုပ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း မြောက်မြားစွာ လုယက်ခံခဲ့ရတဲ့ အဆိုးရွားဆုံး အကြမ်း ဖက်မှုတွေလိုမျိုး မဖြစ်အောင် တာဝန်ရှိသူတွေက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စနေနေ့ဆန္ဒပြပွဲမှာ လူ ၄၁၀,၀၀၀ ဝန်းကျင် ပါဝင်ခဲ့တယ်လို့ဆိုပေမဲ့ အလုပ်သမားသမဂ္ဂတွေက ၈၀၀,၀၀၀ နီးပါး ရှိတယ်လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုတွေ ထပ်မံ မဖြစ်ပွားစေဖို့ ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ ဝန်းကျင်ကို တာဝန်ချ ထားခဲ့ပြီး မြို့အတော်များများမှာ သွားလာလှုပ်ရှားမှု စည်းကမ်းချက်တွေ တင်းကျပ်ခဲ့ပါတယ်။ သမ္မတ အီမေနျူရယ်မက်ခရွန်က အသိအမှတ်ပြုထားတဲ့ အလုပ်သမားသမဂ္ဂတွေက ဦးစီးတဲ့ ဆန္ဒပြပွဲတွေကိုပဲ ခွင့်ပြုတော့မယ်လို့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။
မြို့တော် ပါရီမှာ အေးချမ်းစွာ လှည့်လည်ဆန္ဒပြအပြီး မျက်နှာဖုံးစွပ် လူငယ်အချို့နဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန် ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့ကို ခဲ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ ကြသလို အဆောက် အအုံတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တာကြောင့် ရဲတပ်ဖွဲ့က နံပါတ်တုတ်တွေ အသုံးပြုပြီး နှိမ်နင်းခဲ့ပါတယ်။
မကြာမီပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမတိုင်မီ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး အတိုက် အခံ နိုင်ငံရေးသမားတွေက လက်ရှိသမ္မတမက်ခရွန်ရဲ့ အစိုးရအဖွဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်လို့ ပြင်းပြင်း ထန်ထန် ဝေဖန်ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ ပြင်သစ်တင်မကဘဲ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ အယ်လ်ဘေးနီးယား စတဲ့ ဥရောပ နိုင်ငံအတော်များများမှာပါ ဖြစ်ပွားနေပါတယ်။
News: BBC
Ref; Almost 1,000 arrested as clashes follow another day of mass protests across France