‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၅ရက်
‎

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့တွင် စိတ်ကျန်းမာရေးမကောင်းဘဲ စကားမပြောတတ်သည့် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည့် တရားခံအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဆီးထိန်း သိမ်းလိုက်ကြောင်း အာရက္ခ မှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

‎
ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် တပ်တောင်မြို့၊ အမှတ် (၂) ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုး သမီးအား မိခင်ဖြစ်သူက ထမင်းစားရန် လာရောက်ခေါ်ဆောင်စဉ် ခြံတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့ခဲ့ရသည်။

‎
ထို့နောက် မိခင်ဖြစ်သူမှ နောက်မှလိုက်သွားကြည့်ရှုရာ ခြံစည်းရိုးဘေး၌ တပ်တောင်မြို့၊ အမှတ် (၃) ရပ်ကွက်နေ အောင်သန်းရွှေ ၄၄ နှစ် ဆိုသူက သမီးဖြစ်သူအား အဓမ္မပြုကျင့်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် သတ်ပုတ်တားဆီးခဲ့ရာ တရားခံမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
‎​

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူက အောက် တိုဘာ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် နယ်မြေဒီလပ်စခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် ဒီလပ်စခန်းမှ (ပ) ၂၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့သည်။

‎​
အမှုဖွင့်ပြီးနောက် သက်သေများနှင့် အခင်းဖြစ်ပွားရာနေရာတို့ကို စစ်ဆေးခြင်း၊ မှတ်တမ်းယူခြင်းများ ဆောင် ရွက်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်နေသည့်တရားခံ အောင်သန်းရွှေအား တပ်တောင်မြို့တစ်ဖက်ကမ်းရှိ ကျွဲကူးတောင်ရွာ ကူးတို့ဆိပ်တွင် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။

‎​
ဖမ်းဆီးရမိသူ အောင်သန်းရွှေအား စစ်ဆေးရာတွင် ၎င်းအနေဖြင့် အဆိုပါ စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။ လက်ရှိတွင် နစ်နာသူနှင့် တရားခံတို့အား ဆေးစစ်ခြင်း၊ သက်သေခံ အဝတ်အစားများ သိမ်း ဆည်းခြင်း စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပြီး ဥပဒေအကြံပြုချက်နှင့်အတိုင်း တရားစွဲဆို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ဒီလပ်