ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ တီးတိန်-ကလေး လမ်းပိုင်းတွင် ဒေသခံများ မွေးမြူထားသည့် နွားနောက်များကို ရွေးတုအစိုးရစစ်တပ်က ရက်ဆက် ခိုးယူသတ်ဖြတ် စားသောက်နေကြသဖြင့် ဒေသခံ မွေးမြူရေးလုပ်ငန်းရှင်များ အလွန်အမင်း ထိခိုက်ဆုံးရှုံးနေရကြောင်း သိရသည်။
တီးတိန်-ကလေး လမ်းပိုင်းရှိ ကနေဒီတောင်၊ ဆိုဇာန်နှင့် အလွိုင် စသည့် ကျေးရွာများအနီး တပ်စွဲထားသည့် ရွေးတုအစိုးရစစ်တပ်သည် ဒေသခံများ၏ နွားနောက်များကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ခိုးယူစားသောက်နေခြင်း ဖြစ်သည်။
“စစ်သားတွေ တပ်စွဲထားတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ မွေးထားတဲ့ နွားနောက်တွေ နေ့တိုင်းလိုလို သတ်ဖြတ်စားသောက်ခံနေရတယ်။ ရွာမှာ ပိုင်ရှင်တွေ မရှိတဲ့ နွားနောက်တွေအပြင် ပိုင်ရှင်ရှိတဲ့ နွားနောက်တွေပါ ခိုးယူ သတ်ဖြတ်ခံနေရပါတယ်” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လုယူသတ်ဖြတ်မှုများကြောင့် မြေပြင်တွင် အချို့အိမ်ထောင်စုများတွင် နွားနောက် ငါး ကောင်ထက်မနည်း ဆုံးရှုံးခဲ့ရပြီး စစ်တပ်၏ လုယူမှု ဆိုးရွားလာခြင်းကြောင့် နွားနောက်ပိုင်ရှင်များမှာ နီးစပ်ရာသို့ပြောင်းရွှေ့ ခြင်းနှင့် မတန်တဆ ဈေးနှိမ်၍ အရှုံးခံရောင်းချခြင်းများ လုပ်ဆောင်နေရကြောင်း သိရသည်။
“တချို့ ငွေကြေးတတ်နိုင်သူတွေက တခြားဒေသဘက် ပြောင်းရွှေ့ကြတယ်။ တချို့ ငွေမတတ် နိုင်တဲ့သူတွေက မတန်တဆ အရှုံးခံပြီး ရောင်းချကြတယ်။ ရွာမှာလည်း လူတွေ မနေကြတော့ဘူးလေ” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောဆိုသည်။
တီးတိန်မြို့နယ်တွင် နွားနောက်မွေးမြူရေးကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် မွေးမြူလုပ်ကိုင်ကြသော် လည်း ရွေးတုအစိုးရစစ်တပ်၏ ယခုကဲ့သို့ စနစ်တကျ လုယူသတ်ဖြတ် စားသောက်နေမှု များကြောင့် ဒေသခံများအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရသည်။
ပုံစာ-ချင်းပြည်နယ်တွင်ဒေသခံများ မွေးမြူထားသည့် နွားနောက်များကို တွေ့ရစဉ်။