ဆောင်းပါးရှင် – TBR Commentary
အောက်တိုဘာ ၂၅ ရက်

စစ်အာဏာရှင်တွေရဲ့ ပညာရေးထောင်ချောက်အကြောင်းကို အပိုင်း (၁) မှာ ဆွေးနွေးတင်ပြခဲ့ပါပြီ။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဒီထောင်ချောက်ထဲက ရုန်းထွက်နိုင်မယ့်ထွက်ပေါက်နည်းလမ်း (၃) ခုကို ဆက်လက်ဆွေးနွေးတင်ပြသွားပါမယ်။

(က)ဒစ်ဂျစ်တယ် အသိပညာစနစ် (Digital Autonomy)

စစ်တပ်ရဲ့ ဘွဲ့လက်မှတ်တွေ၊ စာသင်ခန်းတွေကို ကျော်လွန်ပြီး Coursera, edX စတဲ့ နိုင်ငံတကာ ပလက်ဖောင်းတွေကနေ တဆင့် ကမ္ဘာ့အဆင့်မီ စွမ်းရည်(Skills)တွေကို အိမ်တွင်းမှာတင် အစားထိုး သင်ယူစေတာ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာ စနစ်ဆိုးကြီးလည်ပတ်နေပေမဲ့ ဖောက်ထွက်ချင်တဲ့အသိနဲ့ စာသင်ခန်းပြင်ပကနေ ကိုယ်ပိုင်အသိပညာကို တည်ဆောက်တာဟာ အာဏာရှင်ကို ပထမဆုံးအကြိမ် မျက်ကွယ်ပြု တော်လှန်လိုက်တာပါပဲ။

(ခ) အွန်လိုင်း အသက်မွေးဝမ်းကျောင်း (Digital Freelancing)

Coding လိုမျိုး Graphic Design လို ကမ္ဘာ့ဈေးကွက်နဲ့ တိုက်ရိုက်ချိတ်ဆက်လို့ရမယ့် ပညာရပ်တွေကို လမ်းပြပေးရပါမယ်။ ဒီခေတ်မှာတော့ AI က အတော် ခရီးရောက်နေပြီဖြစ်လို့ AI ကို ကိုယ်ကပြန်ခိုင်းပြီး ဘယ်လို Digital Freelancing တွေ ရှာဖွေနိုင်မလဲ လေ့လာသင်ယူရပါမယ်။ ဒါဟာ စစ်တပ်ရဲ့စီးပွားရေးယန္တရားထဲ ဝင်စရာမလိုဘဲ အိမ်ထဲကနေ နိုင်ငံခြားဝင်ငွေ ရှာနိုင်လာတဲ့ ထွက်ပေါက်တခုပါပဲ။

ဒီလိုပြောလို့ အတော်ခက််မယ်လို့ မထင်လိုက်ပါနဲ့၊ ကျောက်တောင်ကြား တွယ်ကပ်ပေါက်နေတဲ့ ညောင်ပင်တပင်လိုစိတ်မျိုး သွင်းဖို့လိုပါတယ်။

(ဂ) ဘာသာစကား

အင်္ဂလိပ်၊ ဂျပန် သို့မဟုတ် ဖင်လန် စတဲ့ နိုင်ငံတွေရဲ့ဘာသာစကားတွေကို သော့ချက်တခုလို အသုံးချပြီး နိုင်ငံတကာ ပညာသင်ဆုတွေ၊ အခွင့်အလမ်းတွေဆီ သွားနိုင်အောင် မျိုးဆက်ကူး တံတားအဖြစ် အစ်ကိုအစ်မတွေက နောက်ကနေ ပံ့ပိုးပေးရပါမယ်။

ဒါကြောင့် အနာဂတ်ဟာ လုံးဝ ပျောက်ဆုံးမသွားပါဘူး။ လမ်းကြောင်းပြောင်းသွားတာပဲ ဖြစ်ပါတယ်။ ဒီထွက်ပေါက်တွေကို လူငယ်တွေဆီ လက်ဆင့်ကမ်းပေးဖို့ အစ်ကိုအစ်မ လူလတ်ပိုင်းတွေမှာ သမိုင်းပေးတာဝန် ရှိနေပါတယ်။

၃။ လူကြီး မိဘများရဲ့ အခန်းကဏ္ဍ

နောက်ဆုံး တခုကတော့ သားသမီးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ချင်တဲ့ မိဘတွေ၊ လူကြီးပိုင်းတွေ ဖြစ်ပါတယ်။ ဒီခေတ်ပျက်ကြီးထဲကနေ ကိုယ့်ရင်သွေးတွေကို ဘယ်လို ရုန်းကန် ထွက်ပေါက်ရှာပေးမလဲဆိုတာ မိဘတိုင်းရဲ့ နေ့စဉ်အိပ်မက်ဆိုး ဖြစ်ပါတယ်။

ပညာတတ်စေချင်လို့ ကျောင်းပို့လိုက်ပါတယ်ဆိုတဲ့ သားသမီးတွေဟာ စစ်တပ်ရဲ့ ဝါဒဖြန့်မှုအောက် ရောက်သွားရင် ရုပ်ရှင်ထဲကလို အာဏာရှင်စနစ်ကို ကာကွယ်ပေးမယ့် စက်ရုပ်တွေ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကျောင်းထားလိုက်ရရင်တောင်မှ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အတွေးအခေါ်ပိုင်းအရ သားသမီးတွေကို အာဏာရှင်စနစ်ရဲ့သားကောင် မဖြစ်အောင် အိမ်တွင်းမှာ အနီးကပ် ခုခံကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။

နိုင်ငံရေးသိပ္ပံ သဘောတရားအရ အာဏာရှင်တွေဟာ လူထုကို “ငါတို့ကလွဲရင် အခြား ထွက်ပေါက်မရှိဘူး” လို့ ထင်အောင် ဖန်တီးလေ့ ရှိပါတယ်။

ဒါပေမဲ့ သေချာတာ တခုကတော့ အနာဂတ်ဆိုတာ သူတို့ သတ်မှတ်ပေးတဲ့ ဘောင်ထဲမှာပဲ ရှိတာ မဟုတ်ပါဘူး။ ကျနော်တို့ ခေါင်းငုံ့မခံသရွေ့၊ ကျနော်တို့ အစားထိုးနည်းလမ်းတွေနဲ့ ရုန်းကန်နေသရွေ့ အနာဂတ်ဟာ လုံးဝပျောက်ဆုံးသွားတာ မဟုတ်ပါဘူး။

ဒါဆိုရင် အဲဒီလို အာဏာရှင်ရဲ့ဝါဒဖြန့်မှုတွေအောက် ရောက်သွားနိုင်တဲ့ ကျနော်တို့ရဲ့ညီအစ်ကို မောင်နှမတွေ၊ သားသမီး တူ၊ တူမတွေကို ပြည်သူကို ပြန်သတ်မယ့် လက်ပါးစေတွေ ဖြစ်မလာအောင် အိမ်တွင်းကနေ ဘယ်လို တားဆီး ခုခံကြမလဲ။

အိမ်တွင်း နည်းဗျူဟာ

ဒါဟာ ကြောက်စရာကောင်းပေမယ့် ကျနော်တို့အားလုံး ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ့် အမှန်တရား ဖြစ်ပါတယ်။ အာဏာရှင်တွေဟာ ကျောင်းသင်ရိုးညွှန်းတမ်းတွေကို ပြုပြင်ပြီး ကလေးတွေရဲ့ဦးနှောက်ကို သူတို့အလိုကျ ပုံသွင်းဖို့ ကြိုးစားလာတဲ့အခါ… စာသင်ခန်းတွေဟာ ဗဟုသုတ ရှာဖွေရာနေရာ မဟုတ်တော့ဘဲ “စိတ်ဓာတ်စစ်ဆင်ရေး” ရဲ့ စစ်မြေပြင် ဖြစ်လာပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်ကလေးကို၊ ကိုယ့်ညီငယ် ညီမငယ်ကို စနစ်ဆိုးရဲ့စာသင်ကျောင်းတွေဆီ လွှတ်လိုက်ရရင်တောင်မှ… သူတို့ရဲ့စိတ်ဝိဉာဉ်ကို အာဏာရှင်က ဝါဒဖြန့် ဖျက်ဆီးမပစ်နိုင်အောင် အိမ်တွင်းကနေ ဘယ်လို တားဆီး ခုခံကြမလဲ။ နိုင်ငံရေးသိပ္ပံအရ ကျနော်တို့မှာ အားကောင်းတဲ့ “အိမ်တွင်းခံတပ် ဗျူဟာ” ရှိပါတယ်။

၁။ အိမ်တွင်း ခုခံပညာရေး (Home Counter-Education) – သမိုင်းအမှန်ဖြင့် မေ့ဆေးပယ်ဖျက်ခြင်း

အာဏာရှင်စနစ်ရဲ့ ထုံးစံအတိုင်း ကျောင်းသင်ခန်းစာတွေထဲမှာ သူတို့ရဲ့ ရက်စက်မှုကို ဖုံးကွယ်ပြီး “စစ်တပ်ဟာ ကျေးဇူးရှင်” ဆိုတဲ့ ဝါဒဖြန့်မှုတွေကို ကလေးတွေရဲ့ခေါင်းထဲ ဆက်တိုက် ရိုက်သွင်းပါလိမ့်မယ်။ ဒါကို ခုခံဖို့ အကောင်းဆုံးနည်းလမ်းကတော့ “အိမ်တွင်း ခုခံပညာရေး”ပဲ ဖြစ်ပါတယ်။

ကလေး ကျောင်းကပြန်လာတဲ့အခါ မိဘတွေနဲ့ အစ်ကိုအစ်မတွေက ကျောင်းမှာ ဘာတွေသင်ခဲ့သလဲဆိုတာကို ပြန်လည် ဆန်းစစ်ရပါမယ်။ ဝါဒဖြန့် စာသားတွေကို သမိုင်းအမှန်၊ ဖြစ်ရပ်မှန်တွေနဲ့ ပြန်လည် ချေဖျက်ပေးရပါမယ်။

ဥပမာ– သမိုင်းထဲမှာ ပြည်သူတွေ ဘယ်လို အနစ်နာခံခဲ့ရသလဲ၊ တကယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာကို အိမ်တွင်း ပုံပြင်ပြောသလိုမျိုး၊ စကားဝိုင်းဖွဲ့သလိုမျိုးနဲ့ စနစ်တကျ အမှန်တရားကို ပြန်လည် ထိုးသွင်းပေးရပါမယ်။ ကျောင်းကကျွေးတဲ့ ဝါဒဖြန့် မေ့ဆေးကို အိမ်ကပေးတဲ့ အမှန်တရား ဗီတာမင်နဲ့ ပြန်လည် ဓာတ်ပြယ်စေရပါမယ်။

၂။ ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ် (Critical Thinking) – စက်ရုပ်မဖြစ်အောင် ကာကွယ်ခြင်း

အာဏာရှင်စနစ်က အလိုရှိတာဟာ “အမိန့်နာခံတတ်တဲ့ စက်ရုပ်” တွေ ဖြစ်ပါတယ်။

ကျောင်းတွေမှာ “မမေးရ၊ မပြောရ၊ ခေါင်းငုံ့နာခံရမယ်” ဆိုတဲ့ စနစ်နဲ့ လူငယ်တွေကို ပုံသွင်းပါလိမ့်မယ်။ ခေါင်းငုံ့ခံတတ်တဲ့ အလေ့အကျင့်ဟာ တချိန်မှာ အာဏာရှင်ရဲ့ မတရားတဲ့ အမိန့်ကိုပါ မျက်စိမှိတ် နာခံပြီး ပြည်သူကို ပြန်သတ်ရဲတဲ့အထိ ဦးနှောက်ဆေးခြင်း ခံရစေနိုင်ပါတယ်။

ဒါကြောင့် အိမ်တွင်းမှာ ကလေးတွေကို “ဘာကြောင့်လဲ” လို့ မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်ကို မွေးမြူပေးရပါမယ်။

◼ ကလေးငယ်တွေရဲ့မေးခွန်းတွေကို အော်ဟစ်ငေါက်ငမ်းပြီး မပိတ်ပင်ပါနဲ့။
◼ ကိုယ်တိုင် ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်အောင် လမ်းဖွင့်ပေးပါ။
◼ ဘယ်အရာက မတရားမှု၊ ဘယ်အရာက တရားမှုဆိုတာကို ကိုယ်ကျင့်တရား စံနှုန်းအမှန်တွေနဲ့ သင်ကြားပေးရပါမယ်။

“ဘာကြောင့်လဲ” လို့ မေးခွန်းထုတ်တတ်တဲ့လူငယ်တဦးကို အာဏာရှင်က ဘယ်တော့မှ လှည့်စားလို့ မရပါဘူး။ အမိန့်တခုကို မျက်စိမှိတ် မနာခံဘဲ ကိုယ်ကျင့်တရားနဲ့ ဆင်ခြင်တတ်တဲ့ ကလေးဟာ… နောင်တချိန်မှာ ဘယ်လို ဝါဒဖြန့်မှုအောက် ရောက်ရောက်၊ ပြည်သူကို ပြန်သတ်မယ့် လက်ပါးစေ လုံးဝ ဖြစ်လာမှာ မဟုတ်ပါဘူး။

ကျနော်တို့တွေဟာ စစ်ကောင်စီရဲ့စာသင်ကျောင်းတံခါးတွေကို မပိတ်နိုင်ရင်တောင်မှ၊ ကိုယ့်အိမ်ရဲ့တံခါးကို ပိတ်ပြီး ကလေးတွေရဲ့အတွေးအခေါ်ကို ကာကွယ်နိုင်ပါတယ်။ ကျောင်းက ဝါဒဖြန့်စက်ရုံ ဖြစ်နေရင်၊ ကျနော်တို့ရဲ့အိမ်ကို “အမှန်တရား ခံတပ်” အဖြစ် ပြောင်းလဲပစ်ရပါမယ်။

ဒါပေမဲ့… မိသားစု တစုချင်းစီက အိမ်ထဲမှာ ဘယ်လောက်ပဲ ပိတ်ပြီး ကာကွယ်ကာကွယ်၊ တနိုင်ငံလုံးကို အမှောင်ချ ဖိနှိပ်နေတဲ့ စနစ်ဆိုးကြီး ရှိနေသရွေ့ ကျနော်တို့ ကလေးတွေရဲ့အနာဂတ်ဟာ လုံခြုံမှုရှိမှာ မဟုတ်ပါဘူး။ အိမ်ပြင်ထွက်လိုက်တာနဲ့ စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မ ဖမ်းဆီးတာ၊ စစ်သားအဖြစ် သွတ်သွင်းတာတွေကို ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း မျိုးဆက်သစ်တွေ လွတ်လပ်ပြီး ဘေးကင်းတဲ့ လူ့အဖွဲ့အစည်းမှာ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ဖို့ဆိုရင်… တဦးချင်း ရုန်းကန်ရုံနဲ့ မလုံလောက်တော့ပါဘူး။

အာဏာရှင်စနစ် အဆုံးသတ်ရမည်

“ဒီပြဿနာဟာ ကလေးတွေ ကျောင်းတက်ရုံ၊ မတက်ရုံတင် မဟုတ်ပါဘူး။ ရေရှည် တိုင်းပြည်ရဲ့အနာဂတ်အတွက် တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ‘နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ ကျဆုံးမှု’ ဖြစ်ပါတယ်။

စစ်တပ်က ပညာရေးကို ဝါဒဖြန့်စနစ် လုပ်လိုက်တဲ့အတွက် တကယ့် ပညာတတ်တွေ နေရာမှာ စစ်တပ်အလိုတော်ရိတွေ အစားထိုးဝင်လာပြီး၊ တိုင်းပြည်မှာ ဝါဒဖြန့်တာပဲ တတ်ပြီး ဘာပညာမှ မတတ်တဲ့ ‘မျိုးဆက်သစ် အရည်အချင်းမဲ့မှု’ ကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ တော်လှန်ရေး အောင်ပြီးရင်တောင် တိုင်းပြည် ပြန်ဆောက်ဖို့ လူသားအရင်းအမြစ် ရှာမရအောင်အထိ စစ်ကောင်စီက နိုင်ငံကို ဖျက်ဆီးနေတာ ဖြစ်ပါတယ်။”

ကျနော်တို့တွေ အိမ်တွင်းမှာ ဘယ်လောက်ပဲ အမှန်တရား ခံတပ်တွေ ဆောက်ဆောက်၊ ညီငယ် ညီမငယ်တွေကို ဘယ်လောက်ပဲ ဒစ်ဂျစ်တယ် နည်းပညာတွေ လက်ဆင့်ကမ်း ကာကွယ်ပေးပါစေ… ဒါဟာ ဓား အမိုးအောက်မှာ ယာယီ ဒိုင်းလွှဲထားရတဲ့ သဘောပဲ ဖြစ်ပါတယ်။ စနစ်ဆိုးကြီး ရှိနေသရွေ့ ဘယ်သူမှ ရေရှည် လုံခြုံမှု မရှိနိုင်ပါဘူး။

မိသားစု တစုချင်းစီ၊ တဦးချင်းစီက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လောက်ပဲ ရုန်းကန် ရုန်းကန်၊ အိမ်ပြင် ထွက်လိုက်တာနဲ့ စစ်မှုထမ်းဥပဒေဆိုတဲ့ ပိုက်ကွန်၊ စစ်အာဏာရှင်ရဲ့ဝါဒဖြန့် ဖိနှိပ်မှုတွေက ကျနော်တို့ ကလေးတွေရဲ့လည်ပင်းကို အချိန်မရွေး လာရောက် စွပ်နိုင်ပါသေးတယ်။

ပညာတတ်စေချင်လို့ ကျောင်းပို့လိုက်ရတဲ့ မိဘတွေရဲ့သောကဟာလည်း ဒီစနစ်ဆိုးကြီး ရှိနေသရွေ့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လည်း ဒီကနေ့ ကျနော်တို့ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ရိုးရိုး နိုင်ငံရေး အာဏာလုပွဲ တခုမဟုတ်ပါဘူး။ ဒါဟာ ကျနော်တို့ မျိုးဆက် တဆက်လုံး ပြာမကျသွားဖို့၊ ကျနော်တို့ ကလေးတွေရဲ့အနာဂတ်နဲ့ စိတ်ဝိဉာဉ်တွေကို စစ်အာဏာရှင်ရဲ့အသားကြိတ်စက်ထဲကနေ ကယ်တင်ဖို့ ဆင်နွှဲနေရတဲ့ မျိုးဆက်ကယ်တင်ရေး တိုက်ပွဲဖြစ်ပါတယ်။

ဒီတော်လှန်ရေးဟာ မုချအောင်ရမယ်လို့ ပြောရခြင်းဟာ စိတ်ကူးယဉ် ကြွေးကြော်သံ မဟုတ်ပါဘူး။ မျိုးဆက်သစ်တွေ လွတ်လပ်ပြီး ဘေးကင်းတဲ့၊ ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းမှာ မျက်နှာပွင့်ပွင့်လန်းလန်းနဲ့ ပညာသင်ကြားနိုင်ဖို့ဆိုတာ ဒီစနစ်ဆိုးကြီး ကွယ်ပျောက်သွားမှပဲ ဖြစ်နိုင်မှာ မို့လို့ပါ။

အာဏာရှင်နဲ့အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက်ပြီး ငါတို့ မျှော်လင့်တဲ့ အရုဏ်ဦးကို ရောက်တဲ့နေ့ကျမှသာ… မိဘတွေရဲ့ရင်ထဲက သွေးမျက်ရည်တွေ ခြောက်သွေ့သွားမှာ ဖြစ်သလို၊ လူငယ်တွေရဲ့ အိပ်မက်တွေဟာလည်း အကျဉ်းထောင်တွေ၊ စစ်တန်းလျားတွေထဲမှာ မဟုတ်ဘဲ လွတ်လပ်တဲ့ ကမ္ဘာကြီးထဲမှာ တောင်ပံဖြန့် ပျံသန်းနိုင်ကြမှာ ဖြစ်ပါတယ်။

အမှောင်ထုဟာ ဘယ်လောက်ပဲ ရှည်လျားပါစေ၊ အရုဏ်ဦး လင်းချိန်ကိုတော့ ဘယ်တော့မှ တားဆီးထားလို့ မရပါဘူး။ ကျနော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေ၊ ကျနော်တို့ရဲ့ သားသမီး တူ၊ တူမတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့… ဒီတော်လှန်ရေးဟာ မုချ အောင်မြင်မှ ရပါလိမ့်မယ်။

(ဤဆောင်းပါးကို Ayeyarwaddy Times သတင်းဌာနနှင့် The Book Reader Commentary တို့ ပူးပေါင်းတင်ဆက်သည်။)