ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီ စစ်သင်္ဘောများကို KIA က ကြားဖြတ်တိုက်ခိုက်ရာမှ ဖမ်းဆီးရမိသည့် ၁၅၁ ဦး၏ စာရင်းကို လိုင်ဇာ TV မှတစ်ဆင့် ယနေ့ တရားဝင် ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူများထဲတွင် ဗိုလ်ကြီး နှစ်ဦး အပါအဝင် သန္ဓေစစ်သား ၈၄ ဦး၊ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသူ ၃၄ ဦး၊ အမျိုးသမီး ရဲမေ ၁၇ ဦးနှင့် အရပ်သား ရှစ် ဦး ပါဝင်ကြောင်း သိရသည်။

စစ်မှုထမ်း တပ်သားသစ်များထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးစစ်သား ၄ ဦးနှင့် မတ္တရာမြို့နယ်မှ အဓမ္မ စုဆောင်းခံရသူ ၁၀ ဦးထက်မနည်း ပါဝင်နေကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ လုံခြုံသည့်နေရာများတွင် စောင့် ရှောက်ထားကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ် မှူးကြီးနော်ဘူက ပြောဆိုထားသည်။

အဆိုပါတိုက်ပွဲအပြီးတွင် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အဝေဟင်မှ နေ့စဉ် ဗုံးကြဲနေသဖြင့် စင်းခန်းတံတား ပျက်စီးခဲ့ပြီး စစ်တပ်၏ စစ်သင်္ဘောများလည်း ပျက်ဆီးဆုံးရှုံးနေသည်။