ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ ရေဝင်ရောက်မှုကို ထိန်းချုပ်နိုင်ပြီဟု ရွေးတုအစိုးရက ထုတ်ပြန်ကြေညာအပြီး ၂၄ နာရီပင် မပြည့်မီအချိန်တွင် ရေထိန်းကာရံထားသော Steel Sheet Pile သံတိုင်များ ယိုင်နဲ့ကာ တာထပ်မံကျိုးပေါက်သွား၍ မြို့တွင်းသို့ ရေများ ပြန်လည်စီးဝင်လာသဖြင့် ဒေသခံများ အရေးပေါ် အောက်ခြေလွတ် ရွှေ့ပြောင်းနေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်ကတည်းက ကျိုးပေါက်ခဲ့သော ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာကို ရက်ပေါင်း ၄၀ ခန့်ကြာ ပြုပြင်ပိတ်ဆို့ပြီးနောက် “ရေဝင်လမ်းကြောင်း ထိန်းချုပ်နိုင်ပြီ” ဟု ရွေးတုအစိုးရက စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် တာဘောင် ကြံ့ခိုင်မှု အားနည်းခြင်းနှင့် မြစ်ရေတိုးလာခြင်းတို့ကြောင့် စက်တင်ဘာ ၉ ရက် ညပိုင်းတွင် ပေ ၂၀ မှ ၃၀ အကျယ်ခန့် ပြန်လည်ပွင့်ထွက်သွားခြင်းဖြစ်သည်။
လေးမျက်နှာ – အိုင်သပြုလမ်းက မနေ့ညနေကမှ လမ်းပေါ် ရေနည်းနည်းပဲ ကျန်တော့တာ။ မနေ့ညက ရေပြန်ဝင်လာရာကနေ အခုနံနက်ပိုင်းမှာ ရေတအား ပြန်တက်လာတယ်။ ရေလည်း တအားကြမ်းတယ်။ လေးမျက်နှာ – အိုင်သပြု လမ်းဆုံမှာ ကတ္တရာလမ်းဆိုတော့ ချက်ချင်း မစားသေးဘူး။ မြေသားကတော့ တဖြည်းဖြည်း ပဲ့ကျနေပြီ။ အခြေအနေကို စောင့်ကြည့်ရမယ်။ အားလုံး သတိထားဖို့ လိုပါတယ်” ဟု ဒေသခံ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းအထိ လေးမျက်နှာမြို့ပေါ်နှင့် အိုင်သပြုဘက်တွင် ရေဝင်ရောက်မှု ပိုမိုပြင်းထန်လာပြီး မြို့တွင်း၌ ရေ ၃ ပေကျော်အထိ ထပ်မံမြင့်တက်လာနေသည့်အတွက် ဒေသခံ ပြည်သူများမှာ အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရဆဲဖြစ်သည်။

“တာကျိုးတဲ့နေရာမှာ ရေတားထားတဲ့ Steel Sheet Pile တွေထဲက ရေတိုးကြမ်းတဲ့ဘက်က sheet pile အလျားပေ ၂၀ မှ ၃၀ ဝန်းကျင်ဟာ ရေထုကြောင့် ယိုင်သွားတဲ့ပုံရတယ်။ ရေထုကွာခြား စီးဝင်မှုက ၂ ဒသမ ၅ မှ ၃ ပေခန့် ရှိမယ်” ဟု လေးမျက်နှာ ရေကြီးရေလျှံမှုကို လေ့လာနေသော Psc Myanmar Off Road က သုံးသပ်ထားသည်။
ငဝန်တာ ကာရံထားသည့် သံမဏိဒေါက်တိုင်များကို သဲအိတ်များ၊ သဲမှုတ်ထည့်ခြင်းများဖြင့် ကျားကန် ပေးနေစဉ်မှာပင် ယခုကဲ့သို့ ရေထုတွန်းအားကြောင့် ယိုင်နဲ့ကာ ရေပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။
အဆိုပါ ငဝန်တာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် အပါအဝင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀ ဦးခန့်ရှိကာ ရေဘေးသင့်သူ သိန်းနှင့်ချီ၍ စိုက်ပျိုးဧက သောင်းနှင့်ချီ ပျက်စီးခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်းများ၊ ရွေးတုအစိုးရ