ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

ယူကရိန်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်မှသာ အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေးကို အ ပြည့်အဝ ပြန်လည်ထူထောင်နိုင်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူ တင်ကို ဖုန်းဆက် ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့က တစ်နာရီနီးပါးကြာ အဆိုပါဆွေးနွေးမှုအတွင်း ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်ကို ပူတင် ကလည်း ထောက်ခံခဲ့တယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ဒီဆွေးနွေးမှုဟာ အမေရိကန် သံတမန်တွေဖြစ်တဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျဲရက်ကက်ရှ်နားတို့ စစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ မော်စကိုနဲ့ ကိယက်ဗ်မြို့တွေကို သွားရောက်ခဲ့အ ပြီးမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သံတမန်တွေရဲ့ ခရီးစဉ်အတွင်း ရုရှား၊ ယူကရိန်းနဲ့ အမေရိကန် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေ ပြန်စ နိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရုရှားသမ္မတရုံး အကြံပေး ယူရီအူရှာကော့ဗ်က ခေါင်းဆောင်နှစ်ဦးလုံးဟာ အမေရိကန် သံတမန် တွေရဲ့ ကြိုးပမ်းမှုကို အပြုသဘောဆောင်တယ်လို့ ပြောပါတယ်။

ပူတင်က စစ်ပွဲအဆုံးသတ်ရေး အမေရိကန်က ဘာတွေ ကူညီပေးနိုင်မလဲဆိုတာနဲ့ စစ်မြေပြင် လက်ရှိ အခြေအနေတွေကို ဒေါ်နယ်ထရမ့်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ချင်ပြီး စစ်ပွဲပြီးရင် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေပါ အကြီးအကျယ် ပြန်ကောင်းမွန်လာနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ယုံကြည်နေတာပါ။

ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲအဆုံးသတ်ရေး သဘောထား ကွဲလွဲမှုတွေ ကြီးမားနေဆဲဖြစ်ပြီး နောက်ပိုင်းလတွေမှာ နှစ်ဘက်တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာပါတယ်။

ပူတင်က ယူကရိန်းအရှေ့ပိုင်း ဒိုးနက်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့ ဆက်လက် ကြိုးပမ်းနေ ပြီး ယူကရိန်းက အပြင်းအထန် ခုခံနေပါတယ်။

အူရှာကော့ဗ်ရဲ့ အဆိုအရ ခေါင်းဆောင်နှစ်ဦးဟာ စစ်သုံ့ပန်း လဲလှယ်ရေး ကိစ္စတွေကို ဆက်လက် ဆောင်ရွက်သွားဖို့ သဘောတူခဲ့ပြီး လိုအပ်ရင် ဖုန်းဆက် ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်မှာဖြစ်ပါတယ်။

ရုရှားအနေနဲ့ ဥရောပနိုင်ငံတွေအပေါ် ရန်လိုတဲ့ အစီအစဉ်လုံးဝ မရှိကြောင်းနဲ့ ဥရောပ နိုင်ငံရေးသ မားတွေရဲ့ ရုရှားရဲ့ ခြိမ်းခြောက်မှုဆိုင်ရာ စွပ်စွဲချက်တွေဟာ စစ်စရိတ် တိုးမြှင့်ဖို့ ဆင်ခြေပေးတာလို့ ပူတင် က ထရမ့်ကို ပြောပါတယ်။

ယခုဆွေးနွေးမှုဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့ပြီး အမေရိကန်နဲ့ ရုရှားကြား ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက် ပြုလုပ်မယ်လို့ ရုရှားသမ္မတရုံးက ဆိုပါတယ်။

ကိုးကား – AFP
Ref; Trump tells Putin he wants swift end to Ukraine war, Kremlin says