ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ကချင်ပြည်နယ်အတွင်း ရေကြောင်းမှ စစ်ကူတက်လာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသည့် တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းများကို အစီအရင် ပြုလုပ်ခိုင်းခြင်းနှင့် ဂါထာမန္တန် ရွတ်ဆိုခိုင်းခြင်းများ အမိန့်ပေး လုပ်ဆောင်ခိုင်းနေကြောင်း သိရသည်။
ထို့ပြင် နောက်ချန်တပ်ရင်းများတွင်လည်း အဓိဋ္ဌာန်ပြု ပရိတ်၊ ပဋ္ဌာန်းများ ရွတ်ဖတ်ခိုင်းနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။
“မင်းအောင်လှိုင်က ဂါထာ၊ မန္တန်နဲ့ အစီအမံတွေကို အယုံအကြည်ရှိတယ်။ အာဏာမသိမ်းခင် ကတည်းက တိုက်ပွဲဝင်ရာမှာ ဘာနေ့သားက ရှေ့ဆုံးကသွားရမယ်၊ တပ်ရင်းမှူးဘေးမှာ ဘာနေ့သားပါ ရမယ်ဆိုပြီး လုပ်ခဲ့တာ။ ဒါတွေက ရဲဆေးတင်ပေးတာဆိုပေမယ့် အောက်ခြေမှာ ပိုပြီးကြောက်စိတ် ဝင်စေတယ်” ဟု CDM စစ်သား ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရစစ်တပ်၏ ညွှန်ကြားချက်အရ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထွက်နေသည့် တပ်မ (၃၃) လက်အောက်ခံ ခမရ -၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းများမှ တပ်ရင်းမှူးများနှင့် စစ်ကြောင်းမှူးများကို ရှေးမြန်မာဘုရင်များ လက်ထက် ပေစာပါ ဂါထာတော်များကို ရွတ်ဆိုရန် အမိန့်ပေးထားကြောင်း သိရသည်။
ထို့ပြင် ရန်သူကို “ချည်ပြီး တုပ်ပြီးဖြစ်စေရန်” စစ်ကြောင်း မထွက်မီ နီးစပ်ရာ သစ်ပင်များကို နှီးဖြင့် တုပ်နှောင်ရမည်၊ “ဒဏပဝ” ဟု ရေးသားထားသည့် ကျောက်ခဲများကို ရဲဘော်တစ်ဦးလျှင် တစ်လုံးစီ ဆောင်ထားရမည်ဖြစ်ပြီး အဆိုပါ အစီအရင်များကို ပြုလုပ်၍ ပြန်လည်တင်ပြရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
အလားတူ နောက်ချန်တပ်ရင်းများတွင်လည်း ရဲမေများနှင့် မှီခိုသူများကို နံနက် ၄ နာရီမှ ည ၉ နာရီအထိ ဓမ္မာရုံများတွင် တပ်ခွဲအလိုက် အလှည့်ကျစနစ်ဖြင့် ဓဇဂ္ဂသုတ်၊ ပရိတ်၊ ပဋ္ဌာန်းများနှင့် မေတ္တာပို့ တရားတော်များ ရွတ်ဖတ်ခိုင်းထားပြီး ဗဟိုကင်းများတွင်လည်း အသံချဲ့စက်ဖြင့် တရားတော်များ ဖွင့်ထားရန် ပါဝင်ညွှန်ကြားထားသည်။

လက်ရှိတွင် ဂါထာမန္တန် စီရင်ခိုင်းထားသည့် တပ်မ (၃၃) လက်အောက်ခံ တပ်ရင်းများသည် မန္တလေးမှ တစ်ဆင့် ဗန်းမော်ဘက်သို့ စစ်ကူတက်လာစဉ် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဒုတိယမြစ်ကျဉ်းအနီး၌ KIA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရပြီး အထိနာကာ သေဆုံးမှု များပြားနေကြောင်း သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် အစီအရင်၊ ဂါထာမန္တန်များကို လွန်စွာယုံ ကြည်သူဖြစ်ပြီး အာဏာမသိမ်းမီ ကာလများကတည်းက စစ်ဆင်ရေးများတွင် စစ်သည် များ၏ မွေးနေ့ရက်အလိုက် စစ်ကြောင်းထွက်ခိုင်းခြင်း၊ တပ်မှူးအနီး ထားရှိခြင်းစသည့် ယတြာအစီ အမံများကို စနစ်တကျ သုံးစွဲခဲ့ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်ဘက်တွင် လေယာဉ်၊ သင်္ဘော၊ အမြောက်နှင့် စစ်အင်အား ပြည့်စုံနေသော်လည်း အောက်ခြေစစ်သည်များမှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ရင်ဆိုင်ရာ၌ ထိတ်လန့်ကြောက်ရွံ့နေကြသဖြင့် အထက်မှ ယတြာများဖြင့် ရဲဆေးတင်ပေးခြင်းက ပိုမိုစိုးရိမ်စိတ်ဝင်စေလျက်ရှိပြီး ရခိုင်စစ်မျက်နှာတွင် စစ်ရေးသတင်းအချက်အလက် မရရှိတော့သည့် အတွက် အင်းချ၍ပင် စစ်ဆင်ရေးလုပ်ဆောင်နေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်