ဆောင်းပါးရှင် – ဂျူနီယာဘမောင်
(ဧရာဝတီတိုင်းမ်၊ စက်တင်ဘာ ၆ ရက်)

ယခုနှစ် မိုးရာသီ ဇူလိုင်လအစောပိုင်းမှစတင်၍ ဒေသအလိုက် ဆက်တိုက်ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုများသည် အကျပ်အတည်းပေါင်းစုံ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအတွက် ထပ်မံကြုံတွေ့ရသည့် သဘာဝဘေး တစ်ခုတည်းမဟုတ်ပေ။ အာဏာသိမ်း စစ်အုပ်စုအနေဖြင့် ပြည်သူများအတွက် အခြေခံတာဝန်များကို မည်မျှအထိ ထမ်းဆောင်နိုင်စွမ်းရှိသနည်း ဆိုသည်ကိုပါ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လာခြင်း ဖြစ်သည်။

ဇူလိုင်လအစောပိုင်းက စတင်ခဲ့သည့် ရေကြီးမှုသည် ယခု စက်တင်ဘာလဆန်းပိုင်းအထိ ပြီးပြတ်ခြင်း မရှိသေးပေ။ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဒေသအလိုက် အချိန်မတူဘဲ ရေဘေးများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေများ မြင့်တက်လာပြီး အချို့နေရာများတွင် တာကျိုးမှုကြောင့် ကျေးရွာများနှင့် လယ်ကွင်းများအတွင်းသို့ ရေဝင်ရောက်မှုကို ပိုမိုဆိုးရွားစေခဲ့သည်။ အထူးသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ငဝန်တာနှင့် ညောင်တုန်းကျွန်းတာတို့တွင် မြေသားများ ဆက်တိုက် ထပ်မံပြိုကျလာနေခြင်းက ရေဘေးအန္တရာယ်ကို ပိုမိုစိုးရိမ်စရာ ဖြစ်လာစေသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်အစပိုင်းကတည်းက ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းတို့၌ ရေဘေးသင့်ခဲ့သည်။ အဆိုပါ ရေဘေးကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် လူဦးရေ ၉၈,၂၈၂ ဦး၊ အိမ်ထောင်စု ၂၂,၁၉၅ စု၊ ရပ်ကွက် ၁၈ ခုနှင့် ကျေးရွာ ၂၀၁ ရွာ ရေဘေးသင့်ခဲ့ကြောင်း UN OCHA Myanmar ၏ ဇူလိုင် ၂၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်နှောင်းပိုင်းတွင် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ရေဘေးက အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ဇူလိုင် ၃၀ ရက်မှ စတင်သော မိုးသည်းထန်မှုကြောင့် ငဝန်မြစ်ဘေး တာတမံကျိုးပေါက်ကာ ကျေးရွာများနှင့် လယ်ယာမြေများ ရေလွှမ်းမိုးခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ကနဦး ဆန်းစစ်ချက်အရ ကျေးရွာ ၉၈ ရွာနှင့် ရပ်ကွက် ၅ ခုမှ လူ ၃၂,၀၀၀ ကျော် ထိခိုက်ခဲ့ရသည်။

ထို့ပြင် ယမန်နေ့ စက်တင်ဘာ ၅ ရက် က ညောင်တုန်းမြို့နယ်၊ တိုးမြစ်ဘေးရှိ ညောင်တုန်းကျွန်းတာ (တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြား) တွင် ပေ ၃၀၀ ခန့် မြေသားများ ထပ်မံပြိုကျသွားခဲ့သဖြင့် ၁၀ ရက်အတွင်း စုစုပေါင်း ပေ ၆၀၀ ခန့် (တစ်ဖာလုံခန့်) အထိ မြေသားပြိုကျပျက်စီးကာ ဒေသခံများ အထူးစိုးရိမ်နေကြရသည်။ တစ်ချိန်တည်းမှာပင် လေးမျက်နှာမြို့နယ် ထိန်ငူရွာအနီးရှိ ငဝန်တာဘောင်အချို့မှာလည်း အောက်ခြေမှ ထပ်မံအိကျမှုများ ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် ဩဂုတ်လလယ်က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ဘက်၌ ရေမြင့်တက်လာချိန်တွင် နေအိမ်များနှင့် လယ်ကွင်းပြင်များသာမက စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ယာယီအမိုးအကာများဖြင့် နေထိုင်နေရသူများ၏ စစ်ရှောင်စခန်းများပါ ရေမြုပ်ခဲ့ရသည်။ စပါးပျိုးပင်များ ရေစီးနှင့် ပါသွားပြီး အချို့လယ်ကွင်းများတွင် ပြန်လည်စိုက်ပျိုးရန်ပင် ခက်ခဲနေသည်။ ကုလသမဂ္ဂ အချက်အလက်များအရ ဇူလိုင်မှ ဩဂုတ်လအလယ်အထိ စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီနှင့် ကချင်တို့တွင် လူ ၃၉၀,၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး စစ်ကိုင်းတိုင်း တစ်ခုတည်းတွင်ပင် လူ ၂၃၀,၀၀၀ ခန့် ပါဝင်နေသည်။

တစ်ဖက်တွင် ISP-Myanmar က ဇူလိုင် ၁၀ ရက်မှ ဩဂုတ် ၁၁ ရက်အတွင်း တိုင်းနှင့် ပြည်နယ် ၅ ခုရှိ မြို့နယ် ၄၁ ခုတွင် လူ ၁ ဒသမ ၃ သန်းထက်မနည်း ရေဘေးအန္တရာယ် သက်ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ အဆိုပါ ခန့်မှန်းချက်သည် အတည်ပြုပြီးသား ရေဘေးသင့်သူ အရေအတွက် မဟုတ်ဘဲ ရေဘေးနှင့် ထိတွေ့နိုင်သည့် လူဦးရေ ခန့်မှန်းချက် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM – NUG) ၏ ဩဂုတ် ၂၁ ရက် ထုတ်ပြန်ချက်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှန်တကယ် ရေဘေးသင့်သူ ၆၁၉,၇၆၈ ဦး (၆ သိန်းကျော်) ရှိကြောင်း အတည်ပြုထားသည်။ ရေဘေးဒဏ် ခံခဲ့ရသည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၂၅ ခုတွင် ရေကြီးရေလျှံမှုများ အမှန်တကယ် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ရေဘေးကြောင့် ၃၂ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ထို့ကြောင့် လက်ရှိ ကြုံတွေ့နေရသည့် ရေဘေးကို “ရေမည်မျှ တက်သနည်း” ဆိုသည့် မေးခွန်းတစ်ခုတည်းဖြင့် တိုင်းတာ၍ မရတော့ပေ။

ရေကြီးနေသည့် နေရာအများအပြားမှ ပြည်သူများသည် စစ်ပွဲ၊ နေရပ်စွန့်ခွာရမှုနှင့် စီးပွားရေး အခက်အခဲများကို ယခင်ကတည်းက ခံစားနေကြရသူများ ဖြစ်သည်။ ဥပမာအားဖြင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများသည် လတ်တလောတွင် နေအိမ်များ ရေမြုပ်ရုံသာမက ဖြတ်တောက်ခံထားရသည့် လမ်းပန်းဆက်သွယ်ရေးကြောင့် အရေးပေါ် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများကိုပါ တတိယအကြိမ်မြောက် ထပ်မံရင်ဆိုင်နေကြရသည်။ ထို့ကြောင့် အားနည်းပြီးသား မြန်မာနိုင်ငံ၏ အကျပ်အတည်း အသစ်တစ်ခုကို မည်မျှအထိ ကိုင်တွယ်နိုင်သနည်း ဆိုသည်မှာ အဓိက မေးခွန်း ဖြစ်လာသည်။

🟥ရေမတက်မီကတည်းကဝန်ပိနေသော နိုင်ငံ

ရေဘေးမရောက်မီကတည်းက မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုစနစ်မှာ လိုအပ်ချက်နှင့် အရင်းအမြစ် မမျှတတော့သည့် အခြေအနေ ဖြစ်နေသည်။ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ၏ ဇူလိုင် ၁၃ ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံ အရင်းအမြစ်နှင့် လိုအပ်ချက် မမျှတမှုမှာ ပိုမိုဆိုးရွားလာနေဆဲ ဖြစ်သည်။

▪️တစ်နိုင်ငံလုံးရှိ လူဦးရေ ၁၆ ဒသမ ၂ သန်းကျော်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်နေဆဲ ဖြစ်သည်။

▪️တစ်နိုင်ငံလုံးတွင် ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက်မှာ ၃ ဒသမ ၈ သန်းနီးပါးအထိ စံချိန်တင် မြင့်တက်လာခဲ့သည်။

▪️မကွေးတိုင်း ပခုက္ကူနှင့် ပေါက်မြို့နယ်များဘက်တွင်ပင် လတ်တလော စစ်ရေးကြောင့် လူ ၁ သိန်းကျော် ထပ်မံ စစ်ရှောင်ခဲ့ရသည်။

▪️မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် မိခင် ၄ သိန်းကျော်မှာ အာဟာရချို့တဲ့မှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု WFP က သတိပေးထားသည်။

လူ ၃ ဒသမ ၈ သန်းဆိုသည်မှာ ကိန်းဂဏန်းတစ်ခုထက် ပိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေကို ၅၅ သန်းဝန်းကျင်ဖြင့် အကြမ်းဖျင်း တွက်ချက်လျှင် နိုင်ငံသား ၁၄ ယောက်တွင် ၁ ယောက်မှာ မူလနေအိမ်မှ ထွက်ခွာနေရသည့် ပမာဏ ဖြစ်သည်။

အကူအညီ လိုအပ်သူရှိခြင်းနှင့် အကူအညီ အမှန်တကယ် ရောက်ရှိနိုင်ခြင်းမှာလည်း မတူညီပေ။ ၂၀၂၆ ခုနှစ် ပထမ ၃ လအတွင်း လူ ၄ ဒသမ ၉ သန်းကို အကူအညီပေးရန် ရည်မှန်းထားသော်လည်း လူ ၁ ဒသမ ၆ သန်းကိုသာ အကူအညီ ပေးနိုင်ခဲ့သဖြင့် ရည်မှန်းထားသူ ၃ ယောက်တွင် ၁ ယောက်ခန့်ထံသို့သာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရန်ပုံငွေ ရရှိမှု နည်းပါးခြင်းအပြင် တိုက်ပွဲများ၊ သွားလာခွင့် ကန့်သတ်မှုများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများက အကူအညီပေးရေးကို နှောင့်နှေးစေခဲ့ကြောင်း OCHA က ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ စစ်အာဏာသိမ်းမှုကြောင့် ဝန်ပိနေပြီးသား စနစ်ပေါ်သို့ ယခု ရေဘေးက ဝန်ထုပ်အသစ် ထပ်တိုးပေးနေသလို ဖြစ်လာနေသည်။

🟥စစ်ဘေးရှောင်ပြီးနောက် ရေဘေးရှောင်ရခြင်း

ရေဘေးကြောင့် နစ်မြုပ်သွားသည့် ယာယီအမိုးအကာများက စစ်ဘေးဒုက္ခသင့်သူအချို့သည် အခက်အခဲ ဘေးဒုက္ခတစ်ခုကို ကျော်ဖြတ်နေစဉ် အခြားဘေးတစ်ခုကို ရုတ်တရက် ထပ်မံကြုံတွေ့ရခြင်းဆိုသည့် အဖြစ်အပျက်ကို စစ်ကိုင်းတိုင်း ရေဘေးက မီးမောင်းထိုးပြနေသည်။

အိမ်ကို စစ်ကြောင့် စွန့်ခွာရသည်။ ယာယီနေရာတစ်ခုတွင် ပြန်လည်နေထိုင်ရသည်။ ထိုနေရာသို့ ရေထပ်မံလွှမ်းမိုးလာပါက ဒုတိယအကြိမ် ထပ်မံရွှေ့ပြောင်းရပြန်သည်။ ယခုလို ရွှေ့ပြောင်းရမှုသည် နေရပ်စွန့်ခွာသူ စာရင်းထဲတွင် လူတစ်ဦး ထပ်တိုးသွားခြင်းမျှ မဟုတ်ပေ။ ပထမဘေးအပြီး ကျန်ရစ်သည့် စုဆောင်းငွေ၊ အလုပ်အကိုင်၊ တိရစ္ဆာန်၊ စားနပ်ရိက္ခာနှင့် ကလေးများ၏ ပညာရေးအခွင့်အလမ်းကို ဒုတိယဘေးက ထပ်မံဝါးမြိုသွားခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးရေးအဖွဲ့ (GFDRR) တို့၏ ၂၀၂၆ မြန်မာနိုင်ငံဆိုင်ရာ လေ့လာချက်အရ ပဋိပက္ခနှင့် သဘာဝဘေးတို့သည် အပြန်အလှန် ဆိုးကျိုးပေးနေကြသည်။ နယ်မြေအလိုက် အုပ်ချုပ်ရေး ကွဲပြားမှု၊ လုံခြုံရေးပြဿနာနှင့် ကူညီရေး ဝင်ရောက်ခွင့် အတားအဆီးများက ဘေးအန္တရာယ် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးကို ပိုမိုခက်ခဲစေသည်။

🟥ရေကျသွားသော်လည်း စီးပွားရေးဒဏ် မကျနိုင်

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလက တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် နိုင်ငံအနှံ့ ရေကြီးခဲ့သည်။ ထိုစဉ်က ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ လူ ၂ ဒသမ ၄ သန်းခန့်နှင့် မြို့နယ် ၁၉၂ ခု ထိခိုက်ခဲ့သည်။ မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ ကို အခြေခံတွက်ချက်လျှင် မြို့နယ် ၁၀ ခုတွင် ၆ ခုနီးပါး ထိခိုက်ခဲ့သည့် အတိုင်းအတာ ဖြစ်သည်။

စိုက်ပျိုးမြေ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့် ရေလွှမ်းခဲ့သည်ကို နားလည်လွယ်အောင် ပြောရလျှင် ဧက ၁၀၀ ရှိတိုင်း ၃ ဧကခွဲခန့် ရေအောက်ရောက်ခဲ့သည့် အချိုးဖြစ်သည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ကလည်း ထိုနှစ် သီးနှံထုတ်လုပ်မှု ၅ ရာခိုင်နှုန်းခန့် လျော့ကျနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေရသူ အချိုးသည် ၂၀၂၃ စက်တင်ဘာတွင် ၁၉ ရာခိုင်နှုန်းမှ ၂၀၂၄ စက်တင်ဘာတွင် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

တာကျိုးခြင်း မဟုတ်သည့် ရေသည် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း ပြန်ကျသွားနိုင်သည်။ သို့သော် စပါးမရိတ်သိမ်းရခြင်း၊ မျိုးစေ့ ဆုံးရှုံးခြင်း၊ လယ်ယာမြေများတွင် ပက်ဖြန်းပြီးသော ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများ ဆုံးရှုံးရခြင်း၊ ငါး၊ ပုဇွန် မွေးမြူရေးကန်များ ပျက်စီးခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်များ သေဆုံးခြင်း၊ လမ်းများ ပျက်စီးခြင်းနှင့် ဈေးကွက် ပိတ်သွားခြင်းတို့၏ ဒဏ်က လပေါင်းများစွာ ဆက်လက် တည်ရှိနေနိုင်သည်။ ရေဘေး၏ စီးပွားရေး ကုန်ကျစရိတ်သည် ရေကျသွားသည့် နေ့တွင် ပြီးဆုံးသွားခြင်း မဟုတ်ပေ။

🟥ခုခံစွမ်းအား ကျဆင်းနေသည့် စီးပွားရေး

ယခုနှစ်၏ ကွာခြားချက်မှာ ရေဘေးထပ်မံ ရောက်ရှိလာသည့်အချိန်တွင် မြန်မာ့စီးပွားရေး၏ ခံနိုင်ရည် အားနည်းနေခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ ၂၀၂၆ ဇွန်လ Myanmar Economic Monitor အရ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးသည် ၂ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။ စီးပွားရေး အရွယ်အစားကို ယခင်နှစ်က ၁၀၀ ဟု ထားရှိပါက ယခုနှစ်တွင် ၉၈ သို့ ပိုမိုကျုံ့သွားသည့် သဘောဖြစ်သည်။

၂၀၂၆ ခုနှစ် ဧပြီလတွင် တစ်နှစ်ချင်း ငွေကြေးဖောင်းပွမှု ၂၄ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့သည်။ ယခင်နှစ်က ကျပ် ၁ သိန်းဖြင့် ဝယ်ယူနိုင်သည့် ပစ္စည်းခြင်းတစ်ခြင်းအတွက် ယခုနှစ်တွင် ကျပ် ၁၂၄,၆၀၀ ခန့် ပေးလာရသည့် အခြေအနေဖြစ်သည်။

ယခုကဲ့သို့ စီးပွားရေး ကျဆင်းနေချိန်တွင် ရေဘေးကြောင့် လယ်ယာ၊ လမ်းတံတားနှင့် ဒေသဈေးကွက်များ ထပ်မံ ထိခိုက်လာပါက ပြဿနာသည် ရေဘေးသင့် ဒေသများအတွင်း၌သာ ရပ်တန့်နေမည် မဟုတ်ပေ။ အထူးသဖြင့် ငွေကြေးဖောင်းပွမှုနှင့်အတူ စက်သုံးဆီ (ဒီဇယ်) ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းက မြေပြင်လူမှုကူညီရေးအဖွဲ့များကိုပါ ရုန်းကန်ရခက်ခဲစေသည့် စီးပွားရေးနောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုးသစ် ဖြစ်လာနေသည်။ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၊ စားသောက်ကုန် ဈေးနှုန်းနှင့် အလုပ်အကိုင်အပေါ် သက်ရောက်မှုများသည် မြို့နေ ပြည်သူများထံသို့ပါ ရောက်ရှိလာနိုင်သည်။

🟥ရေဘေးက ဘာကို စမ်းသပ်နေသလဲ

ကျရှုံးနိုင်ငံ (Failed State) ဟု ဆိုရာတွင် အစိုးရ လုံးဝ ပျောက်ကွယ်သွားသည့် နိုင်ငံကိုသာ ဆိုလိုခြင်း မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ နိုင်ငံတော် (သို့မဟုတ်) အာဏာရယူထားသူများက ပြည်သူများကို လုံခြုံရေး ပေးနိုင်သလား၊ ဥပဒေစိုးမိုးစေနိုင်သလား၊ အခြေခံဝန်ဆောင်မှုများ ပေးနိုင်သလား၊ အကျပ်အတည်း ဖြစ်ပေါ်သည့်အခါ ကူညီကယ်ဆယ်ပြီး ပြန်လည်ထူထောင်ပေးနိုင်သလား ဆိုသည့် လက်တွေ့ လုပ်ဆောင်နိုင်စွမ်းကို မျှော်ကြည့်ခြင်း ဖြစ်သည်။

ထို့ကြောင့် ရေဘေးတစ်ခုတည်းက မြန်မာနိုင်ငံကို Failed State ဖြစ်စေမည်ဟု မဆိုနိုင်သော်လည်း ရေဘေးသည် နိုင်ငံတော်၏ အားနည်းချက်များကို ထင်ရှားစွာ မြင်သာစေသည့် စမ်းသပ်ချက်တစ်ခု ဖြစ်လာသည်။ ဘေးသင့်သူများထံ အချိန်မီ ရောက်ရှိနိုင်သလား၊ သောက်ရေ၊ အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာ ပေးနိုင်သလား၊ ပျက်စီးသွားသည့် လမ်းနှင့် တာတမံများကို ပြန်ပြင်နိုင်သလား၊ လယ်သမားများ နောက်ရာသီ ပြန်လည်စိုက်ပျိုးနိုင်အောင် ကူညီနိုင်သလား ဆိုသည့် မေးခွန်းများစွာ ပါဝင်နေသည်။

အဆိုပါ မေးခွန်းများအနက် အခက်ခဲဆုံး မေးခွန်းတစ်ခုမှာ နယ်မြေမရွေးဘဲ လိုအပ်သည့် အကူအညီများ ရောက်ရှိနိုင်သလား ဆိုသည့် အချက် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် စစ်ရေး ထိန်းချုပ်မှုသည် နယ်မြေအလိုက် ကွဲပြားနေသည်။ အချို့ ဒေသတွင် စစ်အာဏာရှင်၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသော်လည်း အခြားဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံ ကွန်ရက်များက အခြေခံ လုပ်ငန်းများကို လက်တွေ့ လုပ်ဆောင်နေကြရသည်။

လမ်းများ ပျက်စီးမှု၊ ဆက်သွယ်ရေး ပြတ်တောက်မှုနှင့် ပစ္စည်းလက်ကျန် နည်းပါးမှုတို့က ရခိုင်ရေဘေး အကူအညီပေးရေးကို နှောင့်နှေးစေခဲ့သည်။ အကူအညီများ ပေးအပ်ရန် မည်သည့်လမ်းမှ ဝင်ရမည်၊ မည်သည့်အဖွဲ့၏ ခွင့်ပြုချက် လိုမည်၊ မည်သည့်အဖွဲ့က နယ်မြေကို ထိန်းချုပ်ထားသနည်း ဆိုသည့် အခြေအနေများက ဒေသတစ်ခုနှင့် တစ်ခု မတူညီကြပေ။ သဘာဝဘေးသည် အဆိုပါ အုပ်ချုပ်မှု အကွဲအပြဲ အကျိုးဆက်များကို လက်တွေ့ ပြသနေသည်။

🟥ရေကျပြီးနောက်မှ အဖြေ ပိုရှင်းလာမည်

ယခုနှစ် ရေဘေးက မြန်မာနိုင်ငံ၏ ပျက်စီးမှု အခြေအနေကို ဘယ်လောက်အထိ ပေါ်လွင်စေသည်၊ ပြည်သူများ အနေဖြင့် ဆိုးရွားသည့် ဒုက္ခများနှင့် ဘယ်လောက်အထိ ထပ်မံရင်ဆိုင်ရမည် ဆိုသည်ကို ရေတက်နေချိန်တွင်သာ အဆုံးအဖြတ် ပေး၍ မရသေးပေ။

ရေကျသွားပြီးသည့်နောက်တွင် အရေးကြီးသည့် အထောက်အထားများ ဆက်လက် ထွက်လာတော့မည် ဖြစ်သည်။

▪️လယ်ယာများကို အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ပါ့မလား။

▪️လမ်းများနှင့် ဈေးကွက်များ အချိန်ဘယ်လောက်ယူပြီး မြန်မြန်ဆန်ဆန် ပြန်ဖွင့်နိုင်မှာလဲ။

▪️နေရပ်စွန့်ခွာသူတွေ ထပ်မံတိုးပွားလာမှာလား။

▪️စားသောက်ကုန် ဈေးနှုန်းတွေ ဘယ်လောက်အထိ မြင့်တက်လာမှာလဲ။

▪️အကူအညီတွေက နယ်မြေ ဒေသမရွေးမှာရှိနေတဲ့ ပြည်သူတွေအားလုံးဆီ ရောက်နိုင်ပါ့မလား။

အဆိုပါ မေးခွန်းများသည် ရေဘေးကယ်ဆယ်ရေးကိုသာ တိုင်းတာခြင်း မဟုတ်တော့ဘဲ နိုင်ငံ၏ စနစ်တစ်ခုလုံး၏ ပြန်လည်ထူထောင်နိုင်စွမ်းကို တိုင်းတာခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံ ဖြစ်စေမည့်အရာမှာ ရေဘေး သီးသန့် မဟုတ်ပေ။ စစ်ပွဲ၊ အုပ်ချုပ်ရေး အကွဲအပြဲ၊ လူသန်းချီ နေရပ်စွန့်ခွာရမှုနှင့် စီးပွားရေး ကျဆင်းမှုတို့ကြောင့် ခံနိုင်ရည် လျော့နည်းနေသည့် စနစ်ပေါ်သို့ အကျပ်အတည်း အသစ်များ ဆက်တိုက် ကျရောက်လာပြီး၊ ထိုအကျပ်အတည်းများမှ လူထုကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ပေးရန် စွမ်းရည် တဖြည်းဖြည်း လျော့နည်းလာခြင်းက ပိုမို အရေးကြီးသည်။

ထို့ကြောင့် ယခုနှစ် ရေဘေး၏ အဆုံးအဖြတ်ကို “ရေဘယ်လောက် မြင့်တက်ခဲ့သလဲ” ဆိုတဲ့ အချက်တစ်ခုတည်းက ပေးနိုင်မည်မဟုတ်ပါ။ မြစ်ရေကျသွားသော်လည်း အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး တာဘောင်များ ကျိုးပျက်နေသရွေ့ မြန်မာနိုင်ငံ၏ ကျရှုံးနိုင်ငံတော် (Failed State) ဆီသို့ ဦးတည်မှုမှာ ပိုမိုနက်ရှိုင်းနေဦးမည် ဖြစ်သည်။

▪️ရေကျသွားသည့်အခါ ပြည်သူများ အိမ်ပြန်နိုင်ပါသလား၊

▪️လယ်သမားများ လယ်ပြန်စိုက်နိုင်ပါသလား၊

▪️ဈေးကွက်များ ပြန်လည် လည်ပတ်နိုင်ပါသလား ဆိုသည့်အချက်ဖြစ်သည်။

လက်ရှိ အာဏာရှင် အုပ်ချုပ်ရေး စနစ်က ထိခိုက်သူများကို ဘယ်လောက်အထိ ပြန်လည်ထူထောင်ပေးနိုင်မှာလဲ ဆိုသည့် အချက်များကသာ မြန်မာနိုင်ငံ၏ ခံနိုင်ရည် မည်မျှကျန်နေသေးသည်ကို မြင်သာအောင် ပြသပေးလိမ့်မည် ဖြစ်သည်။