ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသည့် အနောက်တောင်တိုင်းစစ်ဌာန ချုပ် (နတခ) လက်အောက်ခံ တပ်များသည် မြေပြင်တိုက်ပွဲများအတွင်း အထိနာ သေဆုံးမှုများကာ တပ်ပျက်ခဲ့ရသဖြင့် နောက်တန်းဌာနချုပ်များသို့ ပြန်လည်ဆုတ်ခွာကာ အရေးပေါ် ပြန်လည်စုဖွဲ့မှုများ ပြုလုပ်နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လေးမျက်နှာမြို့နယ်အတွင်း စစ်ကြောင်းထိုး စစ်ဆင်ရေးဝင်ရောက်စဉ် စစ်ရေးအရ အထိနာကာ ပြန်လည်ဆုတ်ခွာလာခဲ့ရသည့် ပုသိမ်အခြေစိုက် တိုက်ခိုက်ရေး တပ်ရင်းတစ်ခုသည် ၎င်းတို့၏ တပ်ရင်းဌာနချုပ်သို့ ညနက်သန်းခေါင်ယံအချိန်မှ သိုသိုသိပ်သိပ် ပြန်လည်ဝင်ရောက်လာခဲ့ရခြင်း ဖြစ်သည်။

“နတခ လက်အောက်ခံတပ်တွေ တော်တော်လေး အထိနာပြီး တပ်ပျက်သလို ဖြစ်သွားတာပါ။ လေး မျက်နှာဘက်ကနေ ဆုတ်လာရတဲ့ ပုသိမ်အခြေစိုက် တပ်ရင်းဆိုရင်လည်း ညနက်သန်းခေါင်မှ တပ်ရင်းထဲ ခိုးဝင်လာရတာ။ ဒါကို စစ်တိုင်းမှူးက အောင်ပွဲရလာသလိုလိုနဲ့ ဝါဒဖြန့်ပြီး ကြိုဆိုပြနေတာ” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

သို့သော်လည်း အဆိုပါ စစ်ရှုံး၍ အထိနာဆုတ်ခွာလာသည့် တပ်ရင်းကို နတခ စစ်တိုင်းမှူးနှင့် အဖွဲ့က တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ရေးရာ မပြိုကွဲစေရန်အတွက် အောင်ပွဲရရှိလာသည့် ပုံစံမျိုးဖြင့် မြေပြင်အခြေအနေနှင့် ဆန့်ကျင်စွာ ကြိုဆိုပွဲပြုလုပ်ပြီး ဝါဒဖြန့်ချိမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် မြစ်ဝကျွန်းပေါ်ဒေသအတွင်း တော်လှန်ရေးအရှိန် မြင့်တက်လာမှုကို ထိန်း ချုပ်နိုင်ခြင်းမရှိဘဲ အထိနာနေသည့် တပ်ရင်းများကို နောက်တန်းဌာနချုပ်များ၌ ပြန်လည်အင်အားဖြည့် တင်း စုဖွဲ့နေရကြောင်း သိရသည်။

ဓာတ်ပုံ-ရွေးတုအစိုးရ