ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ လက်နက်နှင့် ခဲယမ်း ထုတ်လုပ်ရေး ကပစ စက်ရုံများအတွက် မရှိမဖြစ် အရေးပါသည့် အမိုးနီးယား အက်ဆစ်များ သယ်ဆောင်သည့် ယာဉ်တန်းများသည် ပုံမှန်အသုံးပြုနေကျ ရန်ကုန်-ပြည်လမ်းကြောင်းကို အသုံးပြုရဲခြင်း မရှိတော့၍ ပုသိမ်-မုံရွာ လမ်းကြောင်းအတိုင်း ဧရာဝတီတိုင်းအတွင်းမှ ကွေ့ပတ် မောင်းနှင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ညောင်ကျိုးရိုးအခြေ သူရဲတန်းကြီးဝိုင်းအတွင်း စက်တင်ဘာ ၄ ရက်မှစတင်ကာ မြေပြင်ထိတွေ့ တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာခဲ့ရာ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် မသုန်ကျေးရွာအနီးရှိ စစ်တပ်၏ ကျွဲကန် အထက်တောင်ညိုကြီးစခန်း အနီးအထိ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လာခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲများတွင် စစ်တပ် တပ်ဖွဲ့ဝင်များ အထိနာနေသဖြင့် မသုန်ကျေးရွာအခြေစိုက် ကာကွယ် ရေးပစ္စည်းစက်ရုံ ကပစ-၁၆ နှင့် ကျောက်ဖူးကျေးရွာအခြေစိုက် ကပစ-၉ တို့မှ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ကူပေးနေရသည့်အပြင် လေကြောင်းမှပါ စစ်ကူတိုက်ခိုက်ပေးနေရကြောင်း သိရသည်။

“မသုန်ကျေးရွာအနီးက ကျွဲကန် အထက်တောင်ညိုကြီးစခန်းနားအထိ အာရက္ခတပ်တော်နဲ့ ပူးပေါင်း တပ်တွေက ဝင်ရောက်တိုက်ခိုက်လာတာပါ။ ပွင့်လင်းရာသီမှာ အခိုင်အမာ ခြေကုပ်ယူထားတဲ့ ပူးပေါင်း တပ်တွေဟာ ကပစ စက်ရုံ နယ်မြေတွေဆီ ဘယ်လောက်အထိ နီးကပ်စွာ တိုးဝင်စိမ့်ဝင် လာနိုင် မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်”ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ် ကို ပြောသည်။
စစ်ရေးလေ့လာသူများ၏ အဆိုအရ စစ်တပ်၏ အဓိက လက်နက်ခဲယမ်းများ ထုတ်လုပ်ပေးနေသည့် ကပစ စက်ရုံနယ်မြေများဆီသို့ တော်လှန်ရေး ပူးပေါင်းတပ်များ ပိုမိုနီးကပ်စွာ တိုးဝင်လာနေသဖြင့် စစ်တပ်၏ စက်ရုံလုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများမှာ စိန်ခေါ်မှုများစွာ ကြုံနေရကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)