ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ စက်တင်ဘာ ၆ ရက်)

လက်ရှိ မြန်မာနိုင်ငံမှာ ပဋိပက္ခ၊ အိုးအိမ်စွန့်ခွာရမှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ အခြေခံကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမမီမှုနဲ့ သဘာဝဘေးအန္တရာယ် အမျိုးမျိုးဟာ ကလေးငယ်တွေရဲ့ နေ့စဉ်ဘဝကို တစ်ပြိုင်နက်တည်း ခြိမ်းခြောက် ထိခိုက်နေပါတယ်။

UNICEF ရဲ့ ၂၀၂၅ ခုနှစ် အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းကျော်ဟာ အာဟာရ အလွန်အမင်း ချို့တဲ့နိုင်ခြေ (Acute Malnutrition) အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း UNICEF နဲ့ မိတ်ဖက်အဖွဲ့တွေဟာ အသက် ၆ လကနေ ၅ နှစ်အရွယ် ကလေးငယ် ၄၀၃,၀၅၅ ဦးကို စစ်ဆေးခဲ့ရာမှာ ပြင်းထန်ဆိုးရွားစွာ အာဟာရချို့တဲ့နေတဲ့ (Severe Acute Malnutrition – SAM) ကလေးငယ် ၄,၇၅၇ ဦးအထိ ရှိနေတာကို တွေ့ရှိခဲ့ရပြီး အရေးပေါ် ကုသပေးခဲ့ရပါတယ်။

ဒီကိန်းဂဏန်း စာရင်းဇယားတွေကို မိဘတွေအနေနဲ့ သာမန်အားဖြင့် စိတ်ဝင်တစား မဖတ်မိကြပေမဲ့ ဒါဟာ နိုင်ငံနဲ့ချီပြီး ကြုံတွေ့နေရတဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပြဿနာဖြစ်တာကြောင့် မိဘတွေ၊ ဆရာ/မတွေ သိရှိနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

အာဟာရ ပြည့်ဝခြင်းဟာ ကလေးတစ်ယောက်၏ ခန္ဓာကိုယ် ကြီးထွားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကိုယ်ခံ အားစနစ်၊ သင်ယူနိုင်စွမ်းနဲ့ အနာဂတ် ဘဝတစ်ခုလုံးနဲ့ တိုက်ရိုက် ဆက်နွယ်နေပါတယ်။ အာဟာရ မပြည့်ဝဘဲ ကျန်းမာရေး ချူချာစွာနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေရဲ့ အရွယ်ရောက်ဘဝဟာလည်း ကျန်းမာကြံ့ခိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးများ အာဟာရချို့တဲ့တဲ့ ပြဿနာဟာ အချိန်ဆွဲ ပစ်ပယ်ထားလို့မရဘဲ အချိန်မီ အရေးယူဆောင်ရွက်ရမယ့် အရေးကြီး နိုင်ငံတော်အဆင့် ကျန်းမာရေး စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

🟥Malnutrition အာဟာရမမျှတခြင်း

Malnutrition ဆိုတာ သာမန်အားဖြင့် “အစာမစားရခြင်း” တစ်ခုတည်းကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Malnutrition မှာ အဓိကအားဖြင့် အခုလို အချက်တွေပါဝင်ပါတယ်။

-Wasting (ပိန်လှီခြင်း) – အရပ်အမြင့်နဲ့ နှိုင်းယှဉ်ရင် ကိုယ်အလေးချိန် အလွန်အမင်း နည်းပါးနေခြင်း။
-Stunting (ပုညှက်ခြင်း) – အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် အရပ်အမြင့် မတိုးတက်ဘဲ နိမ့်ကျနေခြင်း။
-Underweight (ပေါင်မပြည့်ခြင်း) – အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် ကိုယ်အလေးချိန် နည်းလွန်းနေခြင်း။
-Micronutrient Deficiencies (အနုစိတ်အာဟာရ ချို့တဲ့ခြင်း) – ဗီတာမင်နဲ့ သတ္တုဓာတ်များ ချို့တဲ့ခြင်း။

အထူးသဖြင့် ကလေးငယ်တွေမှာ အာဟာရချို့တဲ့ပါက ကူးစက်ရောဂါများ လွယ်ကူစွာ ကူးစက်နိုင်ပြီး ပြင်းထန်လာပါက အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။

🟥Wasting (ကလေး ရုတ်တရက် ပိန်ကျလာခြင်း/ ပိန်လှီခြင်း)

Wasting ဆိုတာ ကလေးရဲ့ ကိုယ်အလေးချိန်ဟာ အရပ်အမြင့်နဲ့ နှိုင်းယှဉ်ရင် အလွန်အမင်း လျော့နည်း နေခြင်း ဖြစ်ပါတယ်။ အစားအစာ မလုံလောက်ခြင်း၊ အာဟာရဓာတ် မရရှိခြင်း၊ မကြာခဏ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ ကူးစက်ရောဂါ ခံစားရခြင်းနှင့် ငတ်မွတ်ခင်းစသည့် အကြောင်းအရင်းများ ကြောင့် ဖြစ်ပွားရတာပါ။

Wasting ဖြစ်နေသည့် ကလေးတစ်ယောက်ဟာ “ပိန်ရုံ” နှင့် မပြီးပါဘူး။ အထူးသဖြင့် Severe Wasting (ပြင်းထန် ပိန်လှီခြင်း) ဖြစ်လာပါက အသက်အန္တရာယ် ရာခိုင်နှုန်း ပိုမိုမြင့်မားသွားတာကြောင့် စောစော စီးစီး စစ်ဆေးပြီး စောစော ကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။

ခန္ဓာကိုယ် သိသိသာသာ ပိန်ကျလာခြင်း၊ လက်မောင်း၊ ပေါင်၊ တင်ပါးတို့မှာ အသားအရေ လျော့တွဲ လာခြင်း၊ အားနည်းပြီး လှုပ်ရှားမှုနည်းလာခြင်း၊ အစားမစားချင်ခြင်း ဂျီကျခြင်း၊ မကြာခဏ ဖျားနာခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာပြီးနောက် ကိုယ်အလေးချိန် ပြန်မတက်ခြင်း တွေဟာ သတိထားရမယ့် လက္ခဏာတွေဖြစ်ပါတယ်။

🟥Stunting (အရပ် ရှည်မလာခြင်း/ ပုနေခြင်း)

Stunting ဆိုတာ ကလေးရဲ့ အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် အရပ်အမြင့် မတိုးတက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ တစ်ရက်၊ တစ်ပတ်အတွင်း ရုတ်တရက် ဖြစ်လာတာ မဟုတ်ဘဲ၊ ကလေးဘဝ အစောပိုင်း ကာလများကတည်းက အာဟာရ မလုံလောက်မှု၊ မကြာခဏ ဖျားနာမှု၊ မသန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် မသင့်တော်သည့် အစားအသောက် ကျွေးမွေးမှု ပုံစံများကြောင့် ရေရှည်ဆက်စပ် ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။

Stunting သည် အရပ်နိမ့်ခြင်း တစ်ခုတည်း မဟုတ်ဘဲ ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်/ ဉာဏ်ရည် ဖွံ့ဖြိုးမှုကိုပါ ရေရှည် ထိခိုက်စေကာ အသိဉာဏ် စဉ်းစားဆင်ခြင်နိုင်စွမ်းကိုပါ ကျဆင်းစေတက်ပါတယ်။ ဒါကြောင့် “ကလေးက ပုရုံပဲ ပုတာပါ” လို့ လွယ်လွယ်ကူကူ မမှတ် ယူသင့်ပါဘူး။

ကလေးငယ်များရဲ့ အသက်အလိုက် ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို ပုံမှန် တိုင်းတာ စောင့်ကြည့်ပေးဖို့ အထူး လိုအပ်ပါတယ်။

🟥Micronutrient Deficiency (ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း

အာဟာရချို့တဲ့မှုတွင် အလွန်အရေးကြီးသည့် အခြားတစ်မျိုးမှာ Micronutrient Deficiency ဖြစ်ပြီး ဒါကို ကျွန်တော့်အနေနဲ့ မမြင်တွေ့နိုင်ဘဲ ဖုံးကွယ်ခံထားရသည့် “ဆာလောင်မှု” (Hidden Hunger) လို့ သတ်မှတ်ချင်ပါတယ်။

အာဟာရချို့တဲ့မှုတွင် အလွန်အရေးကြီးသည့် အခြားတစ်မျိုးမှာ Micronutrient Deficiency ဖြစ်ပြီး၊ ဒါကို ကျွန်တော့်အနေဖြင့် မမြင်တွေ့နိုင်ဘဲ ဖုံးကွယ်ခံထားရသည့် “ဆာလောင်မှု” (Hidden Hunger) လို့ သတ်မှတ်ချင်ပါတယ်။

ကလေးတစ်ယောက်ဟာ ဗိုက်ပြည့်အောင် ထမင်း စားနေရပေမယ့် သံဓာတ် (Iron)၊ ဗီတာမင်အေ (Vitamin A)၊ အိုင်အိုဒင်း (Iodine)၊ သွပ်ဓာတ် (Zinc) စသည့် အရေးကြီးသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ မလုံလောက်နိုင်ပါ။ စစ်မက်ဖြစ်ပွားနေတဲ့ ပဋိပက္ခဒေသတွေမှာ အဲ့ဒီဓာတ်တွေ ချို့တဲ့မှု ပိုမိုအဖြစ်များနိုင်ပါတယ်

Iron သံဓါတ်ချို့တဲ့ရင် သွေးအားနည်းခြင်း ဖြစ်နိုင်ပြီး ဖြူဖပ်ဖြူရော် ဖြစ်ခြင်း ၊မောပန်းလွယ်ခြင်၊ အားမရှိ-အားနည်းခြင်း၊ အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းခြင်း၊ သင်ယူမှု ထိခိုက်ခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

Vitamin A ချို့တဲ့ရင်ကိုယ်ခံအားနဲ့ မျက်စိကျန်းမာရေးကို ထိခိုက်နိုင်ပြီး ကလေးတွေမှာ ရောဂါကူးစက်မှု အန္တရာယ်လည်း မြင့်တက်နိုင်ပါတယ်။

Iodine ချို့တဲ့ရင်ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သင်ယူနိုင်စွမ်းအပေါ် ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ကလေးက ထမင်းစားပါတယ် ဆိုတာနဲ့ အာဟာရပြည့်ဝတယ်လို့ မသတ်မှတ်နိုင်ပါဘူး။

🟥မြန်မာနိုင်ငံမှာ ကလေးတွေအတွက် ဘာကြောင့် အန္တရာယ်ပိုများလာသလဲ

အာဟာရချို့တဲ့မှုဟာ မိဘတစ်ဦးတစ်ယောက်က “အစာမကျွေးတတ်လို့” ဆိုတဲ့ အကြောင်းအရာ တစ်ခုထဲကြောင့်သာ ဖြစ်လာရတာ မဟုတ်ပါဘူး။ စစ်ရေးပဋိပက္ခ၊ စီးပွားရေး အကျပ်အတည်းနှင့်အတူ လူသားချင်းစာနာမှု အကူအညီများ နည်းပါးနေချိန်တွင် အကြောင်းအရင်းများစွာ ပေါင်းစပ်နေပါတယ်။

ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာရခြင်း၊ ဝင်ငွေမဲ့ခြင်း၊ အစားအသောက် ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမမီခြင်းတို့ကြောင့် ကလေးငယ်များတွင် အာဟာရချို့တဲ့မှု ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာရခြင်း ဖြစ်ပါတယ်။

ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာရပါတယ်။ အလုပ်အကိုင်မရှိ ဝင်ငွေလျော့တဲ့အပြင် အစားအစာဈေးနှုန်း မြင့်ခြင်းလည်း ထပ်လောင်းရင်ဆိုင်ရပြန်ပါတယ်။ အာဟာရရှိတဲ့အစားအစာ မဝယ်နိုင်တဲ့အပြင် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမမီနိုင်ဘဲ ရောဂါများကြုံ တွေခံစားလွယ်ကူတဲ့ အခြေအနေမှာ အာဟာရချို့တဲ့မှုကပါ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ထပ်တိုးရပါတယ်။

မကောင်းတဲ့ဆိုးကျိုးတွေက ခေတ်ပျက်မှာ သံသရာလည်တယ် ဆိုရမှာပါ။ UNICEF ကလည်း မြန်မာနိုင်ငံမှာ ပဋိပက္ခ၊ စီးပွားရေးအခက်အခဲ၊ အိုးအိမ်စွန့်ခွာရမှု၊ သဘာဝဘေးနဲ့ အခြေခံကျန်းမာရေး ဝန်ဆောင်မှုများ ထိခိုက်ခြင်းတို့ဟာ ကလေးတွေရဲ့ အာဟာရနဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်လို့ အခိုင်အမာဖော်ပြထားပါတယ်။

ငွေကြေးအခက်အခဲရှိတဲ့ မိသားစုတွေမှာ ဘယ်လိုအစားအစာတွေကို ဦးစားပေးမလဲ ဆိုရင်တော့ အာဟာရပြည့်ဝဖို့ဆိုတာ အမြဲတမ်း ဈေးကြီးတဲ့အစားအစာတွေ ဝယ်ရမယ် ဆိုတာ မဟုတ်ပါဘူး။ ရရှိနိုင်တဲ့ဒေသအလိုက် အစားအစာတွေထဲကနေ အမျိုးအစားစုံအောင် စီမံပေးဖို့ အရေးကြီးပါတယ်။

အသားဓာတ် (Protein) ရရှိနိုင်တဲ့အစားအစာတွေကတော့ ကြက်ဥ၊ ငါး၊ အသား၊ ပဲအမျိုးမျိုး၊ ပဲပြား ၊တို့ဖူး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ဖြစ်ကြပါတယ်။ မြန်မာ့ရိုးရာ စားတော်ပဲပြုတ် ကုလားပဲဟင်း ပဲစင်းငုံဟင်းရည် ပဲကြီးနှပ် စတာတွေက ရွေးချယ်စားသုံးသင့်တဲ့ အသားဓာတ် protein ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်ပါတယ်။

Vitamin နှင့် Mineral ရရှိနိုင်တဲ့အစားအစာများဖြစ်တဲ့ အစိမ်းရောင်အရွက်ဟင်းသီးဟင်းရွက်များ၊ ရာသီပေါ်အသီးအနှံများ၊ Vitamin A ကြွယ်ဝတဲ့ အဝါရောင် လိမ္မော်ရောင် စတဲ့ အရောင်ရှိတဲ့ အသီးအနှံများ၊ ဒေသတွင်းရရှိနိုင်တဲ့ ဟင်းသီးဟင်းရွက်များ ကိုလည်း အများအပြား စိုက်ပျိုးပြီး ကလေးငယ်များ ပိုမို စားသုံးနိုင်ဖို့ ပြည်သူလူထုနှင့်အတူ အခက်အခဲကာလကို ရင်ဆိုင်ကျော်ဖြတ် ရမှာဖြစ်ပါတယ်။

Energy စွမ်းအင်ပေးတဲ့အစားအစာများဖြစ်တဲ့ ဆန်၊ပြောင်း၊အာလူး၊ကန်စွန်းဥ၊အခြားရရှိနိုင်တဲ့ ကောက်နှံများ ကိုလည်း ရှင်သန်ဖို့ အားရှိဖို့ စားသောက်ရပါမယ်။ တစ်မျိုးတည်းကို အများကြီး စားခြင်းထက် အမျိုးအစားစုံအောင် ပေါင်းစပ်စားခြင်းက ပိုကောင်းပါတယ်။

အသက် ၆ လအောက် ကလေးများနှင့်မိခင်နို့ WHO နဲ့ UNICEF ရဲ့ အကြံပြုချက်အရ မွေးပြီး ပထမ ၆ လအတွင်း မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးဖို့ အကြံပြုထားပါတယ်။ ရေတောင် ထပ်မတိုက်ဘဲ မိခင်နို့ တစ်မျိုတည်းကိုသာ ကလေးလိုအပ်သလို မကြာခဏတိုက်ပေးသင့်ပါတယ်။

၆ လပြည့်မှသာ မိခင်နို့တစ်ခုတည်းနဲ့ မလုံလောက်တော့တာကြောင့် အာဟာရပြည့်ဝပြီး သန့်ရှင်း ကျန်းမာစေတဲ့ Complementary Foods ဖြည့်စွက်စာတွေ စတင်ကျွေးရပါမယ်။ မိခင်နို့ကိုတော့ ဆက်လက်တိုက်ကျွေးသင့်ပါတယ်။ ၂ နှစ်အထိ ဒါမှမဟုတ် ၂ နှစ်နှင့်အထက်လည်း ဆက်လက်ပြီး မိခင် နို့ချို တိုက်ကျွေးနိုင်ပါတယ်။

၆ လကျော်ကလေးတွေကို ဖြည့်စွက်စာဘယ်လိုကျွေးမလဲ? အသက် ၆–၈ လမှာ တစ်နေ့ ၂–၃ ကြိမ် Complementary Food ဖြည့်စွက်စာစတင်ကျွေးနိုင်ပါတယ်။ အသက်၉လမှ ၂နှစ် အရွယ်အတွင်း မှာတော့ တစ်နေ့ သုံးလေးကြိမ် ကျွေးပြီး လိုအပ်ရင် အာဟာရ ပြည့်ဝတဲ့မုန့် အဆာပြေဆာ Snack တစ်ကြိမ် နှစ်ကြိမ် ထပ်လောင်း ကျွေးနိုင်ပါတယ်။

အရေးကြီးတာက မြန်မာနိုင်ငံရဲ့ ဓလေ့အရ စားသုံးကြတဲ့ ထမင်း၊အဆီအနည်းငယ်၊ ပဲကြက်ဥ ငါး အသား စတဲ့တစ်ခုခုနှင့် ဟင်းသီးဟင်းရွက် လိုမျိုး အစားအစာအမျိုးအစားတွေကို ကလေးငယ်တွေ အတွက် အာဟာရပြည့်ပြည့်ဝဝပေါင်းစပ်ပေးဖို့ ဖြစ်ပါတယ်။ ကလေးကို စားချင်စိတ်ရှိအောင် ဖြည်းဖြည်းနဲ့ စိတ်ရှည်ရှည်ထား ကျွေးရပါတယ်။ အတင်းအကျပ် ကျွေးတာမျိုးရှောင်ပြီး ကလေးကိုယ်တိုင် စားချင် လာအောင် စွဲဆောင်ပြီးဂရုတစိုက် ကျွေးရပါမယ်။

🟥ကလေး ဖျားနာသည့်အခါ အစာမဖြတ်ပါနှင့်

“ကလေးဖျားတဲ့အခါ အစာမကျွေးဘဲထားရမယ်”ဆိုတဲ့ အယူအဆတွေ ရှိတတ်ပါတယ်။တကယ်တော့ ကလေးနာမကျန်းမာတဲ့အချိန်မှာ အာဟာရနဲ့ ရေဓာတ်ကို ပိုဂရုစိုက်ဖို့ လိုပါတယ်။ ဖျားနာနေချိန်မှာ ရေဓာတ်/အရည် ပိုတိုက်ရပါမယ်။မိခင်နို့ မကြာခဏ ပိုတိုးပြီးတိုက်ပေးရပါမယ်။ ပျော့ပျောင်းပြီး ကလေးစားလွယ်တဲ့အစားအစာတွေဖန်တီးပြုလုပ်ပြီး ကျွေးပေးကြပါ။

ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အပြင်းဖျားခြင်းဖြစ်ပါက ရေဓာတ်ဆုံးရှုံးမှုကို အထူးသတိထား ရပါမယ်။ ကလေးအားဆေ ကို မိဘသဘောနဲ့ ကိုယ့်ဘာသာ မတိုက်ပါနဲ့

ကလေးပိန်လာတာတွေ့တာနဲ့ အားဆေး ဗီတာမင် တစ်မျိုးဝယ်တိုက်လိုက်ရင် ရမယ် လို့ မယူဆသင့်ပါဘူး။အာဟာရချို့တဲ့ခြင်း Malnutrition ရဲ့ အကြောင်းရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ တချို့ကလေးတွေမှာ Vitamin အားဆေး Micronutrient supplementation အာဟာရဖြည့်စွက်စာတွေ လိုနိုင်သလို၊ တချို့မှာတော့ Severe Acute Malnutrition ပြင်းထန်ဆိုးရွားတဲ့ အာဟာရချို့တဲ့ရောဂါ ဖြစ်နေနိုင်ပြီး စနစ်တကျ ပြုစု ကုသမှု လိုအပ်နိုင်ပါတယ်။

ဒါကြောင့်မို့ ကလေး အလွန်ပိန်လာတာ စားနေကျ ကြိုက်တဲ့အစာကို မစားတော့တာ၊အား အလွန်နည်းနေတာ၊ခြေထောက်နှင့် မျက်နှာ ဖောလာတာ၊ ပြင်ထန်ဆိုးရွားစွာ အန်တာ ဝမ်းလျှောတာ၊ သတိလစ်သလို ဖြစ်တာ၊ ရေမသောက်နိုင်တာ ရေမဝင်တော့တာ၊ အဖျားကြီး ဖျားနာပြီး အိပ်ယာထဲလဲသွားတာတို့ရှိရင် ကျန်းမာရေးဝန်ထမ်း၊ ဆေးခန်း သို့မဟုတ် အာဟာရကုသရေး ဝန်ဆောင်မှုကို အမြန်ဆုံး ရှာဖွေသင့်ပါတယ်။

ကလေးတိုင်းကို ပုံမှန် “Nutrition Screening” အာဟာရပြည့်ဝမှုစမ်းစစ်ချက် လုပ်ပေးသင့်ပါတယ်။ အာဟာရချို့တဲ့မှုကို သာမန်မျက်စိနဲ့ကြည့်ရုံနဲ့ အမြဲတမ်း မသိနိုင်ပါဘူး။ ကိုယ်အလေးချိန်၊ အရပ်အမြင့်၊အသက်အလိုက် ကြီးထွားနှုန်း၊ MUAC လက်မောင်းအလယ်ပိုင်း လုံးပတ်တိုင်းတာခြင်းနှင့် အာဟာရချို့တဲ့မှုလက္ခဏာများကို ကျန်းမာရေးဝန်ထမ်းများနဲ့ စစ်ဆေးသင့်ပါတယ်။

🟥အာဟာရချို့တဲ့မှုကို မိသားတစ်စုတည်းရဲ့ ပြဿနာလို့ မမြင်သင့်ပါ

စစ်ဘေးရှောင်နေရတဲ့ မိသားစုတစ်စုမှာ ဘာလို့ ကလေးကို အသားမကျွေးနိုင်တာလဲ။ ဘာလို့ အာဟာရမပြည့်တာလဲ။ ဆိုပြီး မိဘတွေကို အပြစ်တင်ဖို့ လွယ်ပါတယ်။ ဒါပေမယ့် လက်တွေ့ အခြေအနေမှာတော့ မိဘတချို့ဟာ စားနပ်ရိက္ခာရှိတဲ့နေရာကနေ အိုးအိမ်စွန့်ခွာခဲ့ရသူတွေ ဖြစ်နိုင်ပါတယ်။ ဝင်ငွေမရှိနိုင်ပါဘူး။ ဈေးဝယ်ဖို့ ပိုက်ဆံမရှိနိုင်ပါဘူး။ ဆေးခန်းသွားဖို့ လမ်းပန်းဆက်သွယ်ရေး မရှိနိုင်ပါဘူး။ သန့်ရှင်းတဲ့ရေ မရနိုင်ပါဘူး။

ဒါကြောင့် အခက်အခဲရှိတဲ့ မိသားစုတွေကို အစားအစာနဲ့ အာဟာရအကူအညီ ပေးပြီကူညီကြပါ။

ဒါကြောင့် ကလေးတစ်ယောက် အာဟာရချို့တဲ့နေခြင်းကို မိဘရဲ့အပြစ်တစ်ခုအဖြစ် မမြင်ဘဲ ကလေးရဲ့ အသက်ရှင်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်ကိစ္စတစ်ခုအဖြစ် မြင်ဖို့လိုပါတယ်။

🟥ကလေးငယ်တိုင်းကို ကယ်တင်ဖို့

မိခင်နို့ကို မှန်မှန်တိုက်ပေးပါ။ ကလေးကို ပုံမှန်အစာကျွေးဖို့ အုပ်ချုပ်သူတွေက စီမံကိန်း ဖော်ဆောင်ပေးပါ။ ဒေသတွင်းရရှိနိုင်တဲ့အစားအစာတွေကို အမျိုးအစားစုံအောင် စုစည်းပေါင်းစပ်ပြီး အာဟာရပြည့်စုံတဲ့ ထမင်းဝိုင်းလေးအဖြစ်ဖန်တီးဖို့ ပညာပေးပါ။

သန့်ရှင်းတဲ့ရေ အသုံးပြုနိုင်ဖို့ ဖန်တီးပေးပါ။လက်ဆေးခြင်းအလေ့အထကို လူတိုင်းမှာလိုက်နာကျင့် သုံးနိုင်ပါစေ။ ဝမ်းလျှောခြင်းနဲ့ ဖျားနာခြင်းကို အချိန်မီကုသဖို့ ကျန်းမာရေးထောက်ပံ့မှုတွေ ပြင်ဆင်ပေးရပါမယ်။ကလေးရဲ့ ကိုယ်အလေးချိန်နဲ့ ကြီးထွားမှုကို စောင့်ကြည့်မှတ်တမ်းတင်ပြီး အာဟာရချို့တဲ့မှုလက္ခဏာတွေတွေ့ရင် အချိန်မဆွဲဘဲ ကျန်းမာရေးကုသမှုပေးခြင်းတွေ လုပ်မှသာ ကလေးတစ်ယောက်ဆီတိုင်းရဲ့ အသက်ကို ကာကွယ်ပေးနိုင်မှာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကြားမှာ ကလေးတွေဟာ မိမိတို့ရွေးချယ်ထားတဲ့ အခြေ အနေကြောင့် ဒုက္ခခံနေရတာ မဟုတ်ပါဘူး။

သူတို့ဟာ ရှေ့မျိုးဆက်ရဲ့ အပြီးမသတ်နိုင်တဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းတွေရဲ့ အကျိုးဆက်ကို ခံစားနေရ တဲ့သူတွေ ဖြစ်ပါတယ်။ ကလေးတစ်ယောက် အစာမဝတာဟာ ဒီနေ့ရဲ့ ဆာလောင်မှု တစ်ခုတည်း မဟုတ်ပါဘူး။ ဒီနေ့ အာဟာရမပြည့်တဲ့ကလေးဟာ မနက်ဖြန်မှာ ကြီးထွားမှု၊ ကျန်းမာရေး၊ သင်ယူ နိုင်စွမ်းနဲ့ ဘဝအခွင့်အလမ်းတွေကို ဆုံးရှုံးနိုင်ပါတယ်။

ကလေးတွေရဲ့ အနာဂတ်ကို ပုံဖော်တဲ့နေရာမှာ ကလေးတွေ အစာဝရုံမဟုတ်ဘဲ အာဟာရပြည့်ဖို့ လိုပါတယ်။အာဟာရချို့တဲ့နေတာကို စောစောသိရင် စောစောကုသနိုင်ပါတယ်။ ကလေးတစ်ယောက်ရဲ့ အာဟာရပြည့်ဝခြင်း ချို့တဲ့ခြင်းဟာ မိသားစုတစ်စုရဲ့ တာဝန်သာမက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တာဝန် ဖြစ်ပါတယ်။

အကျပ်အတည်းတွေ ဘယ်လောက်ပဲရှိနေပါစေ ကလေးတွေရဲ့ အစားအစာ၊ အာဟာရ၊ ကျန်းမာရေးနဲ့ အနာဂတ်ကို မမေ့ဘဲ ဉာဏ်ပညာနဲ့ အရေးကြီးကိစ္စတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ သတိရပေးပါ။ ကလေးတစ်ယောက်ကို ကယ်တင်ခြင်းဟာ အနာဂတ်တစ်ခုကို ကယ်တင်ခြင်း ဖြစ်ပါတယ်။

နောက်တစ်ပတ်မှာတော့ “ပျားရည်နှင့်ကျန်းမာရေး” ဆောင်းပါးကို ရေးသားဖော်ပြမှာမို့ စောင်မျှော်ကြပါဦးခင်ဗျာ။