နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

 

စစ်အာဏာသိမ်းမှုကို ထောက်ခံကူညီနေသည့် တရုတ်၊ ရုရှား၊ ဘီလာရုစ် စသည့်နိုင်ငံများ၏ ဂြိုဟ်တုနည်းပညာဖြင့် စစ်ဘက်ဆိုင်ရာ စောင့်ကြည့်ထောက်လှမ်း အသုံးချရန် ရည်ရွယ်ဖွဲ့စည်းထားသော မြန်မာအာကာသအေဂျင်စီ၌ ဒုဗိုလ်မှူးကြီး အပါအဝင် စစ်အရာရှိ ၁၉ ဦးကို ခန့်အပ်ဖြည့်သွင်းလိုက်ကြောင်း သိရသည်။

 

အဆိုပါ ခန့်အပ်မှုကို ပြီးခဲ့သည့် မေ ၂၆ ရက်က ပြုလုပ်ခဲ့သော အာဏာသိမ်း ရွေးတုအစိုးရအဖွဲ့ အစည်းအဝေး အတည်ပြုချက်အရ ဖြစ်သည်ဟု ဆိုထားပြီး လစ်လပ်ရာထူးနေရာများနှင့် ရုံး/ဌာနကြီးများတွင် တာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း ပြန်တမ်းမှတစ်ဆင့် ယခုရက်ပိုင်းအတွင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

 

ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ ၎င်းတို့လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်မှူးကြီး အပါ အဝင် စစ်အရာရှိ ၁၉ ဦးကို ပြီးခဲ့သည့် ဇွန် ၃ ရက်ကတည်းက စတင်ခန့်အပ်ထားခြင်းဖြစ်ပြီး ထိုသူများသည် ရုရှားပြန် စစ်ဘက်နည်းပညာရှင်များ ဖြစ်ကာ ယခုအချိန်မှသာ ဖော်ပြလာခြင်း ဖြစ်သည်။

၎င်းတို့သည် စစ်တက္ကသိုလ် (DSA) နှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ဆင်းများ ဖြစ်ကြပြီး အင်ဂျင်နီယာ၊ လေကြောင်း၊ နျူကလီးယားနှင့် ဆိုက်ဘာလုံခြုံရေး စသည့် အထူးပြု နည်းပညာရပ်များအတွက် ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံခဲ့ရသူများဖြစ်ကာ မာစတာ (မဟာဘွဲ့) ရရှိထားသူများလည်း ဖြစ်သည်။

 

“DSA နဲ့ DSTA က ရုရှား မာစတာ (မဟာဘွဲ့) ရထားတဲ့ အဖွဲ့တွေလို့ သိရတယ်။ ဒီအတွက် သူတို့ကို နဂိုကတည်းက အာကာသဆိုင်ရာ နည်းပညာနဲ့ ပတ်သက်ပြီးတော့ ရုရှားနိုင်ငံကို စေလွှတ်ထားတာပါ” ဟု စစ်ဘက်ဆိုင်ရာ စောင့်ကြည့်လေ့လာသူ လုပ်သက်ရင့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ ရုရှားပြန် ၁၉ ဦးအနက် ဒုဗိုလ်မှူးကြီး မျိုးထွန်းလှိုင်ကို အာကာသသိပ္ပံနှင့် နည်းပညာဗျူရိုဌာန ဒုညွှန်ကြားရေးမှူးချုပ် (ပါမောက္ခ)၊ ဒုဗိုလ်မှူးကြီး ဘဝင်အေးကို အုပ်ချုပ်ရေး၊ စီမံရေးနှင့် မဟာဗျူဟာရေးဆွဲရေးဗျူရိုဌာန ဒုညွှန်ကြားရေးမှူးချုပ် (ပါမောက္ခ) တို့အဖြစ် ဦးဆောင်ခန့်အပ် တာဝန်ပေးထားကြောင်း သိရသည်။

 

ထို့ပြင် ဒုဗိုလ်မှူးကြီး လေး ဦးကိုလည်း မူဝါဒနှင့် မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးဌာန၊ မဟာဗျူဟာ ရေးဆွဲရေးဌာနကြီး၊ အုပ်ချုပ်ရေး၊ စီမံရေးနှင့် မဟာဗျူဟာရေးဆွဲရေးဗျူရိုဌာနနှင့် အမှုဆောင်အရာရှိချုပ်ရုံး အပါအဝင် စသည့် ဌာနကြီးများတွင် ညွှန်ကြားရေးမှူး (ဌာနမှူး) များအဖြစ် ရာထူးပေးထားကြောင်း သိရသည်။

ထို့အတူ အမှုဆောင်အရာရှိချုပ်ရုံး အပါအဝင် ကျန်လစ်လပ် ဌာနကြီးများ၏ ဒုညွှန်ကြားရေးမှူး (တွဲဖက်ပါမောက္ခ) (ဌာနခွဲမှူး)၊ လက်ထောက်ညွှန်ကြားရေးမှူးများအဖြစ် ဗိုလ်မှူး ကိုး ဦးနှင့် ဗိုလ်ကြီး လေး ဦးတို့ကို အသီးသီး ခန့်အပ်နေရာပေးထားပြီး ၎င်းတို့အားလုံးကို ရွေးတုသမ္မတ၏ လူယုံတော်များက ချုပ်ကိုင်ထားကြောင်း သိရသည်။

 

စစ်အာဏာသိမ်းပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဖွဲ့စည်းလိုက်သော မြန်မာအာကာသအေဂျင်စီကို စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က တိုက်ရိုက်ကွပ်ကဲပြီး လူယုံတော် ဒေါက်တာစိုးမြင့်မောင်အား ပြည်ထောင်စုဝန်ကြီးအဆင့်နှင့် ညီမျှသော အမှုဆောင်အရာရှိချုပ် ရာထူးပေးထားကြောင်း သိရသည်။

 

ရွေးတုသမ္မတထံ တိုက်ရိုက်အစီရင်ခံရသော မြန်မာအာကာသအေဂျင်စီ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်သည် အဆင့်မြင့် အာကာသနှင့် စစ်ဘက်နည်းပညာဆိုင်ရာ တရားဝင် ကိုယ်စားလှယ်အဖြစ် ရုရှား၊ တရုတ်နှင့် ဘီလာရုစ်နိုင်ငံတို့သို့ သွားရောက်ကာ သဘောတူညီချက်များ ရေးထိုးထားကြောင်း သိရသည်။

 

ထိုသဘောတူညီချက်များတွင် မကြာသေးမီက ရွေးတုသမ္မတနှင့်အတူ လိုက်ပါသွားသော တရုတ်၊ ရုရှားနှင့် ဘီလာရုစ် ခရီးစဉ်များအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ဂြိုဟ်တုနည်းပညာကိစ္စရပ်၊ ဂြိုဟ်တုလမ်းညွှန်စနစ် တိုင်းတာရေးစခန်းနှင့် အာရုံခံစောင့်ကြည့် အာကာသယာဉ်ငယ် တည်ဆောက်ရေးတို့ ပါဝင်သည်။

 

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ဂြိုဟ်တုလမ်းညွှန်မှုစနစ် တိုင်းတာရေးစခန်းသည် ရုရှားနိုင်ငံပိုင် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံး GLONASS ဂြိုဟ်တုလမ်းညွှန်စနစ်မှ အချက်အလက်များကို စုဆောင်းပေးမည့် မြေပြင်စခန်းဖြစ်ပြီး တရုတ်နှင့် ဘီလာရုစ် ဂြိုဟ်တုနည်းပညာတို့ဖြင့်လည်း စစ်ဘက်ဆိုင်ရာ အသုံးချရန် အာဏာလု စစ်အုပ်စုက ပြင်ဆင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – စစ်အုပ်စု၊