ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
ကမ္ဘာကျော် ထိုင်း K-pop အနုပညာရှင်LISA၏ တကိုယ်တော်သီချင်းအသစ်ဖြစ်သည့် “SaWaDiKa” သီချင်းနှင့် ဗီဒီယိုသည် ထိုင်းယဉ်ကျေးမှုများနှင့် ရိုးရာများကို အခြေခံကာရိုက်ကူးထားပြီး အောင်မြင်မှုများစွာရရှိခဲ့ကြောင်း သိရသည်။
“SaWaDiKa” တေးဂီတဗီဒီယိုအား YouTube တွင်စက်တင်ဘာ ၄ ရက်နံနက်ပိုင်းတွင် စတင်ထုတ်လွှင့်ပြသခဲ့ပြီး ၂၄ နာရီအတွင်း ကြည့်ရှုသူ(Views) ၇၀.၈ သန်းကျော်ရရှိကာ ၂၀၂၆ ခုနှစ်အတွင်းထွက်ရှိခဲ့သည့် Music Video များအားလုံးအနက် တစ်ရက်အတွင်း ကြည့်ရှုသူအများဆုံးဗီဒီယိုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

LISA ၏သီချင်းခေါင်းစဉ် “SaWaDiKa” သည် ထိုင်းလူမျိုးများ နှုတ်ဆက်ရာတွင် အသုံးပြုသည့် “Sawasdee ka” ဟူသည့် စကားလုံးကိုအခြေခံကာ သီချင်းအမည်အဖြစ် ဖန်တီးထားခြင်းဖြစ်ပြီး ဘန်ကောက်မြို့၏ အထင်ကရနေရာ လေး ခုတွင် ရိုက်ကူးထားခြင်း ဖြစ်သည်။
ထို့ပြင် ထိုင်းဒီဇိုင်နာများ၏လက်ရာဖြစ်သည့် ထိုင်းရိုးရာကိုမော်ဒန်ခေတ်ဒီဇိုင်းဖြင့် ဆန်းသစ်ထားသည့် ဝတ်စုံများကို ဝတ်ဆင်ခဲ့ပြီး ထိုင်းရိုးရာမွေထိုင်းလက်ဝှေ့၊ ထိုင်းခရီးသွားကဏ္ဍတွင်ထင်ရှားသည့် တုတ်တုတ်(tuk tuk) သုံးဘီးယာဉ်များကို ထည့်သွင်းရိုက်ကူးခဲ့ကြောင်း သိရသည်။
LISA ၏သီချင်းအသစ်သည် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့် ယဉ်ကျေးမှုကို ကမ္ဘာ့ဂီတ စင်မြင့်ပေါ်တွင် ခေတ်မီဆန်းသစ်စွာဖြင့် ထပ်မံဖော်ထုတ်ပြသလိုက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံကို ကမ္ဘာက ပိုမိုစိတ်ဝင်စားလာစေရန် ဆွဲဆောင်လိုက်ခြင်းဖြစ်ကြောင်းလည်း ထိုင်းသတင်းမီဒီယာအများအပြားက ချီးကျူးပြောဆိုခဲ့ကြသည်။