ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်
နိုင်ငံခြားငွေသုံးစွဲမှုလျော့ချရေးအတွက် ကားတင်သွင်းခွင့်လိုင်စင်များပိတ်ထားပြီး ဗီယက်နမ်ရှိ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံကို ရွေးတုသမ္မတမင်းအောင်လှိုင်သွားကြည့်ပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်မျှော်လင့်နေကြောင်း သတင်းရရှိသည်။
ဗီယက်နမ်နိုင်ငံသို့ ရွေးတုသမ္မတမင်းအောင်လှိုင်ရောက်ရှိနေချိန်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်ရန်အပါအဝင် Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီနှင့်လည်းပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများအပေါ် လေ့လာကြည့်ရှုသွားမည်ဖြစ်ကြောင်း ရွေးတုသမ္မတက ပြောကြားသည်။

ရွေးတုအစိုးရချမှတ်ထားသော မော်တော်ယာဉ်မူဝါဒနှင့် နိုင်ငံခြားငွေသုံးစွဲမှုမူဝါဒကြောင့် EV ကားတင်သွင်းခွင့်မရသလို ဆီကားများလည်း ယခုရက်ပိုင်းအတွင်းဈေးနှုန်းမြင့်တက်လာကြောင်း ကားဈေးကွက်မှစုံစမ်းသိရသည်။
“ ပြီးခဲ့တဲ့ရက်က EV လိုင်စင်တွေချမပေးတော့ဘူး။ နိုင်ငံခြားငွေထွက်မှာစိုးလို့ဆိုတဲ့သတင်းတွေတွေ့တယ်။ ပါမစ်တော့ရတယ်။ ကားဝယ်ဖို့ ဒေါ်လာတော့ချမပေးဘူးပေါ့။ အဲဒီလိုတွေထွက်တော့ ဘာမှန်းမသိရဘူး။ အဲဒါနဲ့ ကားကလည်းဟောင်းနေပြီ။ အရည်ကြိုရင်လည်းရနေပြီ ဆက်မောင်းသေးရင်လည်းရတယ်။ မူဝါဒတွေက ဘာတွေမှန်းမသိလို့ ကားရောင်းဖို့ပဲလုပ်လိုက်တယ်။ Probox တစ်စီး သိန်း ၇၃၀ နဲ့ သုံးရက်အတွင်းရောင်းလိုက်ရတယ်” ဟု ဒဂုံမြို့သစ်နေထိုင်သူ တစ်ဦးက ပြောကြားသည်။
လူမှုကွန်ရက်စာမျက်နှာတွင် ကားအရောင်းပို့စ်တင်လိုက်ပြီးနောက် နှစ်ရက်အတွင်း စိတ်ဝင်စားသူ ၁၀ ဦးခန့်ကြည့်ရှုသူရှိပြီး သုံး ရက်မြောက်နေ့တွင် ရောင်းထွက်ခဲ့ကြောင်း ဆိုသည်။

ရွေးတုသမ္မတ မင်းအောင်လှိုင်သွားကြည့်သော Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစု Vingroup ၏လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ၊ လျှပ်စစ် မော်တော်ယာဉ်များနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များကို ပြည်တွင်း ပြည်ပဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းစုဖြစ်သည်။
ရွေးတုသမ္မတက တရုတ်နိုင်ငံသို့သွားရောက်စဉ်ကလည်း EV ကားထုတ်လုပ်ရေး စက်ရုံများသို့သွား ရောက်ကြည့်ရှုပြီး စက်သုံးဆီချွေတာရေးအတွက် EV ကားနှင့် ဆိုင်ကယ်ပိုမိုသုံးစွဲရန် ပြောကြားသော်လည်း တစ်ဖက်တွင်လည်း နိုင်ငံခြားငွေသုံးစွဲမှုဒေါ်လာကိုထိန်းချုပ်ထားသည်။
ဓာတ်ပုံ – MOI