ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်

 

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အမှတ် (၅) အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများအတွက် ထုတ်ယူလာသည့် လစာငွေကျပ် သိန်း ၁၄၀၀ ကျော်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က စက်ရုံအဝင်အဝတွင်ပင် သေနတ်ဖြင့် ထောက်၍ ဓားပြတိုက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက် နံနက် ၁၀ နာရီခန့်က ပခုက္ကူမြို့အရှေ့ဘက်ရှိ အဆိုပါစက်ရုံမှ တာဝန်ရှိသူများသည် မြဝတီမြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းလစာ ငွေကျပ် ၁၄၁၀ သိန်း ထုတ်ယူပြီး အပြန် စက်ရုံအဝင်တွင် စောင့်ဆိုင်းနေသည့် လက်နက်ကိုင်များ၏ တားဆီးဓားပြတိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

 

“ဘဏ်ကနေ ငွေထုတ်ပြီး စက်ရုံအပြန် စက်ရုံရှေ့မှာတင် အတိုက်ခံရတာပါ။ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်က သေနတ်နဲ့နားထင်ထောက်ပြီး ငွေရော၊ ကားရော၊ ပါလာတဲ့ ဝန်ထမ်းတွေကိုပါ ဖမ်းခေါ်သွားတာ” ဟု ဖြစ်စဉ်ကိုသိရှိသူ ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓားပြတိုက်ဖမ်းဆီးခံခဲ့ရသူများမှာ အသက် ၄၀ အရွယ် ယာဉ်မောင်း ဦးပြည့်ဖြိုးမောင်၊ အသက် ၅၄ နှစ်အရွယ် လက်ထောက်စက်ရုံမှူး ဦးအောင်ထိုက်၊ အသက် ၄၃ နှစ်အရွယ် စာရင်းကိုင် (၂) ဦးအောင်သူနှင့် အသက် ၅၂ နှစ်အရွယ် စာရင်းကိုင် (၂) ဒေါ်မြင့်မြင့်သန်းတို့ဖြစ်ကြပြီး ၎င်းတို့ လိုက်ပါလာသည့် ကားကိုပါ ပူးတွဲဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

 

ထို့နောက် အဆိုပါအဖွဲ့သည် ဝန်ထမ်းများနှင့် ကားကို အခြားလက်နက်ကိုင်အဖွဲ့တစ်ခု စောင့်ဆိုင်းနေသည့်နေရာသို့ ခေါ်ဆောင် သွားပြီးမှ လူနှင့် ကားကို ပြန်လည်လွှတ်ပေးခဲ့ကာ ငွေကျပ် ၁၄၁၀ သိန်းကို လုယူခဲ့သည်။

 

အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ထိုသို့ငွေများလုယူပြီးနောက် စိုတွင်းကျေးရွာ အရှေ့ဘက် ပေါင်လောင်ကန်သွားရာ လမ်း ကြောင်းအတိုင်း ထွက်ခွာသွားကြောင်း ပြန်လည်လွတ်မြောက်လာသူများ၏ ပြောကြားချက်အရသိရသည်။

 

ပခုက္ကူမြို့တွင် ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေပြီး လွန်ခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ကလည်း အမှတ် (၃) ရပ်ကွက်၊ ၁ လမ်းရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ငွေကျပ် ခြောက်သိန်းကျော်နှင့် လက်ကိုင်ဖုန်းတစ်လုံးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများကို ပစ်မှတ်ထား လုယက်ဓားပြတိုက်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေသဖြင့် မြို့ခံလုပ်ငန်းရှင်အများအပြား မြို့ကို စွန့်ခွာရွှေ့ပြောင်းမှုများရှိနေကြောင်း သိရသည်။

 

ဓာတ်ပုံ- ပခုက္ကူအထည်ချုပ်စက်ရုံ( ပုံဟောင်း)