ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်

ဆိုက်ပရပ်စ်မြောက်ပိုင်း ကမ်းလွန်မှာ တနင်္ဂနွေနေ့က ခရီးသည်နဲ့ သင်္ဘောအမှုထမ်း ၂၇၀ နီးပါး တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၈ ဦး ရေနစ်သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံး နေကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေချိန်မှာပဲ ဆိုက်ပရပ်စ် အာဏာပိုင်တွေက သင်္ဘောကပ္ပတိန်နဲ့ အမှုထမ်း ၇ ဦးကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းလိုက်ပါတယ်။

FILOJET အမည်ရှိ အဆိုပါသင်္ဘောဟာ ကာရီးနီးယားမြို့မှ တူရကီနိုင်ငံ တာရှုချူးမြို့သို့ ဦးတည် မောင်းနှင်စဉ် ကာရီးနီးယား ကမ်းလွန် ၄ ရေမိုင်ခန့် အကွာမှာ သင်္ဘောအတွင်း ရေတွေ ဝင်ရောက်လာခဲ့ တာ ဖြစ်ပါတယ်။

ရုပ်သံမှတ်တမ်းတွေအရ အနီရောင် အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားသူတွေဟာ တိမ်းမှောက် သင်္ဘောဝမ်းဗိုက်ပေါ်မှာ ထိုင်ရင်းနဲ့ ကမ်းခြေဆီ ရောက်ရှိဖို့ ကမ်းခြေစောင့်တပ်နဲ့ ပုဂ္ဂလိက စက်လှေတွေရဲ့ ကူညီကယ်ဆယ်မှုကို စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။

မွန်းလွဲပိုင်းမှာတော့ အဆိုပါသင်္ဘောဟာ အနက် ပေ ၁,၆၀၀ ကျော် (၅၁၄ မီတာ) ရှိတဲ့ ပင်လယ်ရေ အောက် ကြမ်းပြင်ကို နစ်မြှုပ်သွားခဲ့ပါတယ်။

ဒီကူးတို့သင်္ဘောဟာ ဆိုက်ပရပ်စ်မြောက်ပိုင်းနဲ့ တူရကီကို ပြေးဆွဲပေးနေတဲ့ သင်္ဘောတစ်စီးဖြစ် တယ်လို့ သိရပါတယ်။

တူရကီ ဆိုက်ပရပ်စ်ခေါင်းဆောင် တူဖန်အာဟူးမန်က သင်္ဘောအတွင်း ပိတ်မိနေသူတွေ ရှိနေရင် သွားရောက်ကယ်ဆယ်ဖို့ မလွယ်ကူသေးကြောင်းနဲ့ အခြား နည်းပညာတွေ အသုံးပြုပြီး ကူညီနိုင်ဖို့ ကြိုး စားနေတယ်လို့ ပြောပါတယ်။

စနေနေ့ကတည်းက ဆိုက်ပရပ်စ်မှာ မုန်တိုင်းပြင်းထန်ခဲ့ပေမဲ့ တနင်္ဂနွေနေ့ ရာသီဥတုဟာ ခရီး သွားလာဖို့ သင့်တော်တယ်လို့ ယူဆခဲ့ကြပြီး အခုလို ဖြစ်ရပ်မျိုး တစ်ခါမျှ မကြုံဖူးတာကြောင့် အားလုံး တုန်လှုပ်နေကြတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

တူရကီသမ္မတ အာဒိုဂန်က သေဆုံးသူ မိသားစုတွေအတွက် ဝမ်းနည်းကြောင်း သတင်းလွှာ ပေးပို့ ထားပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေရေးလုပ်ငန်းတွေ မနားတမ်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကိုးကား – Independent
Ref; Captain detained after ferry sinks off North Cyprus, killing at least eight