ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်

 

သက်တမ်း ၂၆ နှစ်ရှိပြီဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပူးတွဲတည်ထောင်သူနှင့် တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်သည် ဖိလစ်ပိုင်နိုင်ငံက ပေးအပ်ချီးမြှင့်သည့် (၆၈) ကြိမ်မြောက် ရာမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award) ရရှိခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ ကိုအောင်မျိုးကျော်က ဧရာဝတီတိုင်းမ်သို့ အတည်ပြုပြောကြားသည်။

 

၂၀၂၆ ခုနှစ်အတွက် ပေးအပ်သော မက်ဆေးဆေးဆုကို AAPP မှ ဦးဘိုကြည်နှင့်အတူ စင်ကာပူနိုင်ငံမှ Tommy Koh၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Runa Khan တို့က ပူးတွဲရရှိခဲ့ကြခြင်း ဖြစ်သည်။

 

အဆိုပါ ရာမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award) သည် “အာရှတိုက်၏ နိုဘယ်ဆု” ဟု ခေါ်ဝေါ်တင်စားကြပြီး အာရှတိုက်အတွင်းရှိ လူသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် စံပြဂုဏ်သိက္ခာ၊ ရဲရင့်သော စွမ်းဆောင်မှုနှင့် စွမ်းဆောင်ရည်ရှိသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို နှစ်စဉ် ရွေးချယ်ချီးမြှင့်သော ဂုဏ်ထူးဆောင်ဆုတစ်ခု ဖြစ်သည်။

ဦးဘိုကြည်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်ကာ၊ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်း သားများ၏ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ ရရှိစေရန် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်သည်။

 

AAPP အဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ထောက်ပံ့ကူညီခြင်း၊ မှတ်တမ်းပြုစုခြင်းအပါအဝင် အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ကျဆုံးခြင်းဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်များကို ကောက်ယူ၍ သတင်း ထုတ်ပြန်ခြင်းများကို စနစ်တကျ လုပ်ဆောင်လျက်ရှိသည်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်း သားဟောင်းများက ၂၀၀၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံ ရာမွန်မက်ဆေးဆေးဆု ဖောင်ဒေးရှင်းက ပေးအပ်သည့် ထိုဆုကို မြန်မာနိုင်ငံမှ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်က ၂၀၀၂ ခုနှစ်တွင်လည်းကောင်း၊ Myanmar Now သတင်းဌာန တည်ထောင်သူ သတင်းစာဆရာ ကိုဆွေဝင်းက ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့ဖူးသည်။

 

ဓာတ်ပုံ – Ramon Magsaysay Award Foundation