ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်

 

အမေရိကန်ပြည်ထောင်စုရှိ ဂရင်းကင်ညွန် အမျိုးသားဥယျာဉ်အတွင်း ရုတ်တရက် ရေကြီးရေလျှံ မှု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးခန့် ပျောက်ဆုံးနေကြောင်း အမျိုးသားဥယျာဉ် ဝန်ဆောင်မှုဌာနက သတင်းထုတ် ပြန်ပါတယ်။

 

တောင်တက်ခရီးသွားတွေ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ရေနွံတွေဟာ လမ်းကြောင်း ပေါ်နဲ့ လူကူးတံတားတွေ အောက်ကနေ စီးဆင်းနေသလို သစ်လုံးတွေနဲ့ အပျက်အစီးတွေလည်း ရေစီးနဲ့ အတူ မျောပါလာတာကို တွေ့ရပါတယ်။

ဒီရေကြီးမှုဟာ ကေးဘက်ဘ်ကုန်းပြင်မြင့်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စနေနေ့ မွန်း လွဲ ၂ နာရီခွဲခန့်မှာ စတင်ခဲ့တာဖြစ်ပြီး Bright Angel Canyon နဲ့ Phantom Ranch ဒေသတွေကို ရေဝင် ရောက်ခဲ့တာပါ။

 

အစောပိုင်းမှာ ပျောက်ဆုံးသူ ၂၀ ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ၁၅ ဦး ခန့် ပျောက်ဆုံးနေတာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ လက်ရှိမှာ အရီဇိုးနားပြည်နယ် အာဏာပိုင်တွေနဲ့ ပူး ပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

 

တနင်္ဂနွေနေ့ နံနက်ပိုင်းအထိ ပြည်သူ ၆၂ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ကျန်ရှိ နေသူတွေကို ဆက်လက် ရွှေ့ပြောင်းပေးဖို့ စီစဉ်နေပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူနဲ့ ဒဏ်ရာ ရသူတော့ မရှိသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

တနင်္လာနေ့အထိ မိုးကြိုးမုန်တိုင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေ ရှိနေသေးတာကြောင့် နောက်ဆက်တွဲ ရေကြီးတာ၊ ကျောက်တုံးနဲ့ မြေပြိုတာတွေ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားပါတယ်။

 

ရေကြီးမှုကြောင့် ဥယျာဉ်အတွင်း ပေးဝေနေတဲ့ အဓိက ရေပိုက်လိုင်း ပျက်စီးသွားခဲ့လို့ ရေလျှော့ သုံးကြဖို့နဲ့ သစ်သား၊ မီးသွေးနဲ့ မီးမွှေးတာတွေကို ပိတ်ပင်ထားပါတယ်။

 

လက်ရှိမှာ ညအိပ်တည်းခိုခန်းအချို့ကို ခေတ္တပိတ်ထားရပေမဲ့ ဥယျာဉ်ကိုတော့ နေ့ခင်းဘက် ခရီး သွားလာခွင့်အတွက် ဆက်လက် ဖွင့်လှစ်ပေးထားဆဲ ဖြစ်ပါတယ်။

 

ကိုးကား – AFP
Ref; Flash flood in Grand Canyon National Park leaves about 15 missing