ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
ဧရာဝတီတိုင်းမ်၊ ဩဂုတ် ၃၀ ရက်
အသက်အရွယ် ရလာတာနဲ့အမျှ ကိုယ်အလေးချိန် တက်လာတာ၊ ဗိုက်ပူလာတာတွေကို ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးစစ်ဆေးရင်း ဝမ်းဗိုက်ကို အာထရာဆောင်း ရိုက်ကြည့်တဲ့အခါ “Fatty liver” (အသည်းအဆီဖုံးခြင်း)၊ “Fatty change in liver” ဒါမှမဟုတ် “Hepatomegaly” (အသည်းကြီးခြင်း) စတဲ့ စကားလုံးတွေပါတဲ့ အဖြေကို တွေ့ရတတ်ပါတယ်။
အဲဒီအခါမှာ လူနာအများစုကတော့ ဆရာဝန်ကို ဘာကြောင့် အသည်းအဆီဖုံးတာလဲ၊ အန္တရာယ်ရှိလား၊ အသည်း ကြီးလာတာ အရမ်းစိုးရိမ်ရလား၊ ဘာဆေးသောက်ရမလဲ ဆိုပြီး မေးတတ်ကြပါတယ်။
တကယ်တော့ အသည်းအဆီဖုံးတယ် (Fatty liver) ဆိုတာ အသည်းထဲမှာ အဆီတွေ ပုံမှန်ထက် ပိုမို စုပုံနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ လူအတော်များများက အစောပိုင်းအဆင့်မှာ ဘာလက္ခဏာမှ မပြဘဲ ရှိနေတတ်ပြီး၊ အခြားအကြောင်းကြောင့် အာထရာဆောင်း ရိုက်ရာကနေ မတော်တဆ တွေ့ရှိတတ်ကြတာပါ။
#ဘာကြောင့် Fatty Liver ဖြစ်ရတာလဲ
အဖြစ်အများဆုံး အသည်းအဆီဖုံးခြင်းကို ယခင်ကတော့ “NAFLD” (အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း) လို့ ခေါ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဆေးပညာတွေ့ရှိချက်တွေအရ အခေါ်အဝေါ်အသစ် ပြောင်းလဲလိုက်တဲ့အခါ MASLD (မက်စ်အယ်လ်ဒီ) ဒါမှမဟုတ် “ဇီဝရုပ်ဖြစ်စဉ် ကမောက်ကမဖြစ်ခြင်းနဲ့ ဆက်စပ်ဖြစ်ရသော အသည်းအဆီဖုံးရောဂါ” ဆိုပြီး ဖြစ်လာပါတယ်။ အဓိကအားဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ် (Metabolic) ပြဿနာတွေနဲ့ ဆက်စပ်နေတာပါ။
MASLD ဖြစ်နိုင်ခြေ ပိုများစေတဲ့ အကြောင်းရင်းတွေကတော့…
-ကိုယ်အလေးချိန်များခြင်း ဒါမှမဟုတ် အဝလွန်ခြင်း၊
-အရက် အလွန်အကျွံသောက်ခြင်း၊
-ဆီးချိုနဲ့ သွေးတိုးရောဂါ ရှိခြင်း၊
-သွေးတွင်း အဆီဓာတ် (Cholesterol / Triglyceride) မြင့်မားခြင်း၊
-ဗိုက်အဆီများခြင်း (Central obesity)၊
-ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊
-အချိုဓာတ်နဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ရေရှည် စားသုံးခြင်း
-အသည်းထိခိုက်စေတဲ့ ဆေးဝါးများ သောက်နေရခြင်းနဲ့ အခြားအသည်းရောဂါများ ရှိနေခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အသည်းအဆီဖုံးတာဟာ “အသက်ကြီးလာလို့” တစ်ခုတည်း ကြောင့် မဟုတ်ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် တက်တာ၊ လှုပ်ရှားမှု နည်းလာတာ၊ ဆီးချို၊ သွေးတိုးနဲ့ သွေးတွင်းအဆီ ပြဿနာတွေ ပိုတွေ့လာရတဲ့အတွက် Fatty liver ဖြစ်နိုင်ခြေလည်း တိုးလာတာ ဖြစ်ပါတယ်။
#အသည်းကြီးနေခြင်း
ဝမ်းဗိုက် အာထရာဆောင်း အဖြေမှာ အသည်းကြီးတယ် (Hepatomegaly) လို့ ပါလာတာဟာ အသည်းအရွယ်အစား ပုံမှန်ထက် ကြီးနေတာကို ဆိုလိုတာပါ။
အသည်းအဆီဖုံးနေသူတွေမှာ အသည်းအရွယ်အစား ကြီးလာနိုင်ပါတယ်။ ဒါပေမဲ့ အသည်းကြီးတိုင်းလည်း အဆီဖုံးနေတာလို့ တိုက်ရိုက် သတ်မှတ်လို့ မရပါဘူး။ အသည်းရောင်တာ၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ၊ နှလုံးရောဂါတွေကြောင့်လည်း အသည်းကြီးနိုင်တာမို့ အာထရာဆောင်း အဖြေတစ်ခုတည်းနဲ့တော့ ရောဂါတစ်ခုလုံးကို ဆုံးဖြတ်လို့ မရပါဘူး။
#အသည်းအဆီဖုံးတာအန္တရာယ်ရှိလား
အသည်းအဆီဖုံးတာတွေ့ရုံနဲ့ အသည်းပျက်စီးနေပြီလို့ လုံးဝ မဆိုလိုပါဘူး။ လူအများစုမှာ ဘဝလူနေမှုပုံစံ (Lifestyle) ပြောင်းလဲလိုက်ရုံနဲ့ အသည်းအဆီ လျှော့ကျသွားအောင် လုပ်လို့ရပါတယ်။
ဒါပေမဲ့ သေချာ ဂရုမစိုက်ရင်တော့ အသည်းရောင်ရမ်းပြီး အသည်းဆဲလ်တွေ ပျက်စီးလာနိုင်ပါတယ်။
အခြေအနေကတဖြည်းဖြည်းချင်း
-အသည်းမှာ အဆီစုပုံခြင်း (Fat accumulation)
-အသည်းရောင်ရမ်းခြင်း (Inflammation)
-အသည်း အမာရွတ်တက်ခြင်း (Fibrosis)
-အသည်းခြောက်ခြင်း (Cirrhosis) နဲ့
-အသည်းပျက်စီးခြင်း သို့မဟုတ် အသည်းကင်ဆာဖြစ်ခြင်း (Liver failure / Liver cancer) အထိ ပြောင်းလဲသွားနိုင်ပါတယ်။
ဒါပေမဲ့ လူတိုင်း ကင်ဆာအဆင့်အထိ ရောက်မသွားပါဘူး။ အဓိက အရေးကြီးတာက အသည်းမှာ အမာရွတ် (Fibrosis) ဘယ်လောက်ရှိနေပြီလဲဆိုတာကို သိရှိဖို့ပါပဲ။
#အသည်းအဆီဖုံးရင်ဘာတွေစစ်ဆေးသင့်သလဲ
အာထရာဆောင်းမှာ အသည်းကြီးတယ် အသည်းအဆီဖုံးတယ်ဆိုပြီး တွေ့တာနဲ့ “အသည်းဆေး” တစ်မျိုးသောက်ပြီး ပြီးသွားတာ မဟုတ်ပါဘူး။ အခြေအနေအလိုက် လိုအပ်တဲ့
-အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း (Liver Function Tests) နဲ့
သွေးချို (Fasting blood glucose, HbA1c)၊
-သွေးတွင်းအဆီ (Lipid profile)၊
-သွေးပေါင်ချိန်နဲ့ BMI ကိုယ်အလေးချိန် ညွှန်းကိန်း၊
-ခါးလုံးပတ် စတာတွေကို ပါ တိုင်းတာ စစ်ဆေးပြီ့း အကဲဖြတ်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိ/မရှိ ကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အသည်းမှာ အမာရွတ် (Fibrosis) ရှိမရှိကိုတော့ လက်တွေ့မှာ FIB-4 score လို မခွဲစိတ်ရတဲ့ နည်းလမ်းတွေ၊ ဒါမှမဟုတ် FibroScan (ဖိုင်ဘရိုစကန်း) ရိုက်ပြီး တိုင်းတာ စစ်ဆေးနိုင်ပါတယ်။
#Fatty_Liver အတွက် ဘာဆေးသောက်ရမလဲ
ဒီမေးခွန်းက လူနာတွေ အမေးဆုံး မေးခွန်းပါပဲ။ အရေးကြီးဆုံးအချက်က Fatty liver အတွက် လူတိုင်း သောက်ရမယ့် “သောက်လိုက်တာနဲ့ ချက်ချင်း ပျောက်သွားမယ့် အသည်းဆေး” ဆိုတာမျိုး သီးသန့် မရှိပါဘူး။
မှန်ကန်တဲ့ ကုသမှုကတော့…
-ကိုယ်အလေးချိန် ထိန်းရပါမယ်။
-လေ့ကျင့်ခန်း လုပ်ရပါမယ်။
-ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရ စားရပါမယ်။
-ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီ စတဲ့ ဇီဝရုပ်ဖြစ်စဉ်တွေကို စနစ်တကျ ထိန်းချုပ် ကုသရမှာ ဖြစ်ပါတယ်။
#Fatty_Liver အတွက် ဘာဆေးသောက်ရမလဲ
ဒီမေးခွန်းက လူနာတွေ အမေးဆုံး မေးခွန်းပါပဲ။ အရေးကြီးဆုံးအချက်က Fatty liver အတွက် လူတိုင်း သောက်ရမယ့် “သောက်လိုက်တာနဲ့ ချက်ချင်း ပျောက်သွားမယ့် အသည်းဆေး” ဆိုတာမျိုး သီးသန့် မရှိပါဘူး။
မှန်ကန်တဲ့ ကုသမှုကတော့…
-ကိုယ်အလေးချိန် ထိန်းရပါမယ်။
-လေ့ကျင့်ခန်း လုပ်ရပါမယ်။
-ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရ စားရပါမယ်။
-ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီ စတဲ့ ဇီဝရုပ်ဖြစ်စဉ်တွေကို စနစ်တကျ ထိန်းချုပ် ကုသရမှာ ဖြစ်ပါတယ်။
ဝလွန်နေသူတွေအနေနဲ့ ကိုယ်အလေးချိန်ကို တဖြည်းဖြည်း မှန်မှန် လျှော့ချတာက ပိုမို ထိရောက်ပါတယ်။
ဘာတွေစားသင့်လဲဆိုရင်တော့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ငါး၊ အဆီနည်းတဲ့ အသား၊ ဥ၊ အစေ့အဆံနဲ့ ပဲအမျိုးမျိုးကို မျှတစွာ စားသုံးရပါမယ်။
ရှောင်ရမှာတွေကတော့..
အချိုရည်တွေ၊ Bubble tea နို့လက်ဖက်ရည်တွေ၊ ကိတ်မုန့်၊ အချိုပွဲတွေ၊ ဆီကြော်မုန့်နဲ့ အမြန်စာ (Fast food) တွေကို လျှော့စားရပါမယ်။
ဒါ့အပြင် လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန် ပြုလုပ်ပေးဖို့နဲ့ အရက်သောက်သုံးခြင်းကို လုံးဝ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
ကုသတဲ့အခါ အဆီဖုံးနေတဲ့ အသည်းတစ်ခုတည်းကို မဟုတ်ဘဲ တစ်ကိုယ်လုံး ကျန်းမာရေးနဲ့ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်တွေကိုပါ တစ်ပြိုင်နက်တည်း ဂရုစိုက် ကုသရမှာ ဖြစ်ပါတယ်။
ဆရာဝန်နဲ့ ချက်ချင်း ပြသရမယ့် သတိပေးလက္ခဏာများ
အကယ်၍..
-မျက်လုံးနဲ့ အသားတွေ ဝါလာခြင်း၊
-ဗိုက်ဖောင်းလာခြင်း၊ ခြေထောက်များ ရောင်လာခြင်း၊
-အလွန်အမင်း အားနည်းခြင်း၊
-သွေးအန်ခြင်း သို့မဟုတ် ဝမ်းအမည်းရောင် သွားခြင်း၊
အကြောင်းရင်း မရှိဘဲ ကိုယ်အလေးချိန် ကျသွားခြင်း၊
သတိ ထိန်းချုပ်မှု လွတ်လာခြင်း စတာတွေ ဖြစ်လာရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီး ချက်ချင်း ကုသမှု ခံယူရပါမယ်။
နဂိုကတည်းက အသည်းအဆီဖုံးနေပြီဆိုရင် စောစောစီးစီး သိရှိပြီး နေ့စဉ် ဘဝလူနေမှုပုံစံကို ပြောင်းလဲတာဟာ အကောင်းဆုံး ကုသမှုပါပဲ။ အသည်းအဆီဖုံးတာကို ဆေးတစ်လုံးတည်းနဲ့ ကုဖို့ မကြိုးစားဘဲ၊ နေ့စဉ် နေထိုင်စားသောက်မှုကို ပြောင်းလဲပြီး အသည်းနဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို ကာကွယ်လိုက်ကြရအောင်ပါ။
နောက်တစ်ပတ်မှာတော့ “ကလေးငယ်တွေမှာ တွေ့ရတဲ့ အာဟာရချို့တဲ့ခြင်း လက္ခဏာများ” ဆိုတဲ့ ဆောင်း ပါးကို တင်ဆက်ပေးသွားမှာ ဖြစ်လို့ စာဖတ်ပရိသတ်များအားလုံး ဘေးကင်း ကျန်းမာကြပါစေ။