ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရ စစ်တပ်၏ စစ်ရေ ယာဉ်အုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်း တပ်များက FPV ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စက်ပိုင်းဆိုင်ရာ ပျက်စီး၍ အစောင့်အရှောက် တပ်နှင့်ချန်ထားခဲ့သော စစ်သင်္ဘောတစ်စင်း ကို ယမန်နေ့ ဩဂုတ် ၂၉ တွင် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်မှ တပ်မမှူးနှင့် ဒုတပ်မမှူး အပါ အဝင် အရာရှိကြီးများနှင့် စစ်တပ်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ေကြာင်း သိရသည်။

”သင်္ဘောက ဒရုန်းနဲ့ လက်နက်ကြီးထိထားလို့ ရေဝင်နေပြီလို့ပြောပါတယ်။ အစောင့်တပ်တွေလည်း ထွက်ပြေးသွားကြတယ်။ ဇင်ဘုံနားက တိုက်ပွဲလည်း ပြင်းထန်လို့ တပ်ရင်းမှူးကအစ သေပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ရေယာဉ်အုပ်စုသည် စစ်ကိုင်းတိုင်း၊ ကသာမြို့ဘက်မှ ရွှေကူမြို့ဘက်သို့ ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာစဉ် KIA နှင့် ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်း တပ်များ၏ FPV ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောအချို့ စက်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်ရေယာဉ်များဖြင့် ဆွဲယူရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သဖြင့် သြဂုတ် ၂၈ ရက်တွင် ဘိုကုန်းကျေးရွာအနီး၌ ချန်ထားခဲ့ရသည်။

ထိုသို့ ချန်ထားခဲ့သည့် သင်္ဘောကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သော စစ်တပ် တပ်စိတ်သည် သြဂုတ်၂၉ ရက်တွင် ရွှေကူ KPDF တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းစဉ် ထွက်ပြေးဆုတ်ခွာသွားခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက စစ်သင်္ဘောကို အပြည့်အဝ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ရွှေကူမြို့အထက်သို့ တက်လာသည့် စစ်သင်္ဘော ၃ စီးအနက် ၁ စီးမှာလည်း ထပ်မံတိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့ရာ စစ်တပ်မှ ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ရေယာဉ်စု တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များအတွင်း တပ်မ (၃၃) မှ တပ်မမှူးနှင့် ဒုတပ်မမှူးတို့ နှစ် ဦးစလုံး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် မြေပြင်တိုက်ပွဲမှ ခလရ-၁၂၀ တပ်ရင်းမှူး တစ်ဦးတို့ သေဆုံးခဲ့ပြီး အခြားအရာရှိပိုင်းများလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသွားသည့် အရာရှိများ၏ အလောင်းများကို စစ်တပ်ဘက်မှ MI 17၊ MI 35ရဟတ်ယာဉ်များဖြင့် လာရောက်သယ်ယူသွားခဲ့ကြောင်းလည်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ-တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် စစ်သင်္ဘော ။