ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မြို့အနောက်ဘက် မီလာရွာမှာရှိတဲ့ လက်နက်ဂိုဒေါင်ကို ရုရှား က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူ ၃၇ ဦး သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ၂၀၂၆ ခုနှစ်အတွင်း ယူကရိန်းမှာ ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်ရပ်ဖြစ်ခဲ့ပြီး အနီးအနားက အဆောက်အအုံ ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ရသလို ဘိုးဘွားနဲ့ မသန်စွမ်း ပြုစုစောင့် ရှောက်ရေးဂေဟာက ပြည်သူ ၃၄ ဦးလည်း သေဆုံးခဲ့ပါတယ်။
ဒေသခံတွေက လူနေရပ်ကွက်နားမှာ လက်နက်တွေ သိုလှောင်ထားတာကို မသိရှိခဲ့ကြဘဲ ရှေ့တန်းမှာ သုံးရမယ့် လက်နက်တွေကို လူနေအိမ်တွေဘေးမှာ ဘာလို့ ထားတာလဲဆိုပြီး မေးခွန်းထုတ် နေကြပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက လူနေရပ်ကွက်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ သိုလှောင် ထားတဲ့ တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးထားပါတယ်။ ယူကရိန်းဥပဒေအရ လူနေအိမ်တွေနဲ့ နီးစပ်တဲ့နေရာမှာ လက်နက်ခဲယမ်း သို လှောင်တာကို တားမြစ်ထားတာကြောင့် ဒီကိစ္စအတွက် တာဝန်ရှိသူအားလုံးကို ထိရောက်စွာ အရေးယူမယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အလားတူ လက်နက်ဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦး သေဆုံးခဲ့ဖူးတာမို့ ယူကရိန်းဝန်ကြီးချုပ်က ၅ နှစ်နီးပါးကြာ စစ်ပွဲအတွင်း အမှားတစ်ခုတည်းကို ထပ်မံကျူးလွန်တာဟာ ရာဇဝတ်မှုမြောက်တဲ့ ပေါ့ဆမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းရဲ့ တာဝေးသွား ဒရုန်းအစိတ်ပိုင်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကို တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားဟာ မကြာသေးမီက မြန်နှုန်းမြင့် ဂျက်အင်ဂျင်တပ် ဒရုန်းတွေကို ပိုမို အသုံးပြုလာတာကြောင့် ယူကရိန်း လေကြောင်းရန် ကာကွယ်ရေး စနစ်တွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။
ယူကရိန်းက ရုရှားနိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ စက်ရုံတွေနဲ့ စွမ်းအင် အ ဆောက်အအုံတွေကို ဒရုန်း တွေနဲ့ တိုက် ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ ရုရှားရဲ့ စီးပွားရေးနဲ့ စစ်ရေး အခြေခံ အဆောက်အအုံတွေကို တစ်ရက်လျှင် ဒရုန်း အစီးရေ ၁,၀၀၀ နဲ့ တိုက်ခိုက်နိုင်ဖို့ ရည်မှန်းထားကြောင်း ဇီလန်စကီးက ပြောပါတယ်။
ကိုးကား – AP
Ref; Russian strike on a Ukrainian warehouse kills 37 in the war’s deadliest attack this year