ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ရွေးတုအစိုးရ စစ်တပ်သည် လစဉ် လူသစ်စစ်သားများ စုဆောင်းရရှိနေသော်လည်း စစ်မြေပြင်နှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပြုန်းတီးအင်အား ပမာဏမှာ အလွန်များပြားလျက် ရှိကြောင်း မြေပြင်အချက်အလက် မှတ်တမ်းများအရ သိရသည်။
ပေါက်ကြားလာသည့် အစီရင်ခံစာများအရ စစ်တပ်၏ အဓိက အရန်အင်အားဖြစ်သည့် ရဲတပ်ဖွဲ့တွင်ပင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ပြုန်းတီးအင်အား ၉,၀၀၀ ကျော် (တစ်သောင်းနီးပါး) အထိ စံချိန်တင် မြင့်မားခဲ့ကြောင်း တွေ့ရသည်။ ထိုအထဲတွင် ရဲပြေးအင်အား ၅,၀၀၀ ကျော်နှင့် သေဆုံး ၂,၀၀၀ ကျော် ပါဝင်နေသည်။
အရန်အင်အားအဖြစ် အသုံးချခံနေရသည့် ရဲတပ်ဖွဲ့တွင်ပင် ပြုန်းတီးအင်အား မြင့်မားနေသဖြင့် ပင်မစစ်သင် တန်းဆင်း တပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှု ပမာဏမှာလည်း အဆမတန် မြင့်မားလျက် ရှိသည်။

“မြေပြင်မှာ စစ်သားတွေ သေနေပေမယ့် ဟိုအရင် လားရှိုးစစ်ပွဲမှာ စစ်ရုံးတွေ ကျနေပေမယ့် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ဆိုကရေးတီးပွဲတွေ ကြည့်နေသလိုပဲ၊ အခုလည်း ဒီလိုပါပဲ ရဲဝင်းဦးကလည်း ဒီပုံစံ လုပ်လာတယ်။ အခု အနေအထားမှာလည်း လူသစ်စစ်သားတွေချည်းပဲ အချိုးက များလာတာ ဆိုတော့ အခု ဒုတိယံမိ တပ်ပျက်သုဉ်းခြင်း အချိန်အခါကို ပြန်ပြီး နီးကပ်လာတယ်လို့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော်လည်း စစ်တပ်သည် လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နည်းလမ်းမျိုးစုံကို အသုံးပြု၍ လူသစ်စစ်သား ၁ သိန်းကျော်ကို စုဆောင်းဖြည့်တင်းခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် သန္ဓေစစ်သားများနှင့် လူသစ်စစ်သားများ နေ့စဉ် အများအပြား သေဆုံးလျက်ရှိသော်လည်း စစ်ရုံးချုပ် တည်ရှိရာတွင်မူ ပွဲလမ်းသဘင်နှင့် အခမ်းအနားများကို ဟန်မပျက် ဆက်လက် ကျင်းပလျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း မုံရွာအခြေစိုက် ခမရ-၁၂ တပ်ရင်း၌ လိုအပ်သည့် အရာရှိနှင့် သန္ဓေစစ်သည်အင် အား အမြောက်အမြား ပြုန်းတီးနေသဖြင့် တပ်ရင်းအင်အား၏ ၇၀ ရာခိုင်နှုန်းခန့်ကို စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် လေ့ကျင့်ရေးမပြည့်ဝသော လူသစ်များဖြင့်သာ ဟန်ပြ စစ်ကြောင်းဖွဲ့ကာ စစ်ဆင်ရေး ဝင်နေရသည့် လျှို့ဝှက်အချက်အလက်များ ပေါက်ကြားခဲ့သေးသည်။
ထို့အပြင် ရှမ်းမြောက်နှင့် ရခိုင်ဒေသတို့တွင် တပ်ရင်းဌာနချုပ်များ ပြိုကွဲခဲ့ရသဖြင့် တပ်ပျက်များကို ပြန်လည်တွဲဖက်ကာ စုဖွဲ့နေရသကကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည်းတပ်၏ တိုက်ခိုက်ရေးအင်အားမှာလည်း နှစ်သိန်းပင် မပြည့်တော့ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်