ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့် ခြိမ်းခြောက် ထိုးကြိတ်ခံရသည့် ဖြစ်စဉ်မှာ အသင်း၏ အဖွဲ့အစည်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့် လုံးဝသက်ဆိုင်ခြင်း မရှိဘဲ ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးထားမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း YMBA က ထုတ်ပြန်သည်။
အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်အနီးရှိ YMBA ဗဟိုရုံးဝင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) မှဖြစ်သည်ဟု ဟန်ဆောင်ထားသူ လက်နက်ကိုင် အမျိုးသား ၄ ဦးက ရုံးဝင်းအတွင်း ဝင်ရောက်ကာ ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်အား သေနတ်ပြ ခြိမ်းခြောက် ထိုးကြိတ်၍ ဖုန်းလုယူကာ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရန် ကြိုးပမ်းစဉ် ရုံးဝန်ထမ်းတစ်ဦးက အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် အဆိုပါ စရဖ အယောင်ဆောင် အမျိုးသား လေး ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တိုက်ခိုက်ခံရမှုကြောင့် ဦးမောင်မောင်ညွန့်တွင် ညာဘက်မျက်လုံး ဖူးယောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ သံသယရှိသူ လေး ဦးကို ဩဂုတ် ၂၃ ရက်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ကာ ဒဂုံမြို့မရဲစခန်း၌ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အခင်းမဖြစ်ပွားမီ တစ်ရက်ကလည်း YMBA ရုံးအတွင်းရှိ CCTV ကွန်ပျူတာ Hard Disk အခိုးခံခဲ့ရကြောင်းနှင့် ပူးပေါင်းကြံစည်မှုများတွင် ရန်ကင်းမြို့နယ်အတွင်းသူအချို့ ပါဝင်နေကြောင်း ဦးမောင်မောင်ညွန့်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ YMBA က ၎င်းတို့အသင်းနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားသော်လည်း အဆိုပါ အသင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက်ပိုင်း စစ်တပ်နှင့် နီးစပ်သည့် ရပ်တည်ချက်များကြောင့် ပြည်သူလူထုအကြား ဝေဖန်မှုများ ကြုံတွေ့နေရသည့် အဖွဲ့အစည်း ဖြစ်သည်။
ပြစ်မှုကျူးလွန်ခံရသူ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်သည် စစ်အာဏာမသိမ်းမီက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NDF ပါတီ ကိုယ်စား ပြု၍ ရန်ကင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။
ပုံစာ -ဖမ်းဆီးချုပ်နှောင်ခံရစဉ် YMBA အတွင်းရေးမှူးပုံ၊ YMBA အဖွဲ့ဝင်များ